Skip to main content

စက်ရုံအလုပ်ရုံများရှိ လုပ်သားများ၊ ပြည်သူများ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် ရောဂါမဖြစ်ပွားစေရေး၊ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၁၄

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ယခုအစည်းအဝေးတွင် Ethylene Oxide နှင့်စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ရေးအတွက် အဖွဲ့ဝင်များနှင့်ဆွေးနွေး၍ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄)တွင် Ethylene Oxide ကို တားမြစ်ဓာတုပစ္စည်းအဖြစ်မှ ပယ်ဖျက်ခြင်း အမိန့်ကြော်ငြာစာနှင့် Ethylene Oxide ကို ကန့်သတ်ဓာတုပစ္စည်းအဖြစ် ပြင်ဆင်သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ရန် သဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ အတွင်းရေးမှူးက ဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဗဟိုဦးစီးအဖွဲ့မှ ဆုံးဖြတ်ရမည့်အမှာစာများကို ရှင်းလင်းတင်ပြပြီး ဗဟိုဦးစီးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက စက်ရုံအလုပ်ရုံများရှိလုပ်သားများ၊ ပြည်သူများ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် ရောဂါမဖြစ်ပွားစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လုပ်ငန်းလမ်းညွှန်များကို ရေးဆွဲထုတ်ပြန်၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင်ရှိ လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဓာတ်ငွေ့တိုင်းတာသည့် စက်ပစ္စည်းများ တပ်ဆင် ထားရှိရမည့်အပြင် လုပ်သားများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို ဆောင်ရွက်နိုင်ရေးအတွက် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများကို ပြည့်စုံစွာဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ Ethylene Oxide အသုံးပြုခြင်းသည် ကင်ဆာကဲ့သို့သော ရောဂါများဖြစ်ပွားစေသဖြင့် အသုံးပြုရမည့်ပမာဏ၊ သုံးစွဲရမည့်နည်းလမ်း၊ အသုံးပြုရမည့်နေရာ စသည်တို့ကို တိတိကျကျသတ်မှတ်၍ လိုင်စင်များထုတ်ပေးခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဗဟိုဦးစီးအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက Ethylene Oxide နှင့်ပတ်သက်သည့် အကြံပြုချက်များ၊ ကျန်းမာရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများတွင် Ethylene Oxide ဓာတ်ငွေ့အသုံးပြုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေ၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် အစီရင်ခံစာများ ရေးဆွဲထားရမည့် အခြေအနေများ၊ လုပ်ငန်းခွင်တွင် လုပ်သားများ ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရမည့် အခြေအနေများ၊ Ethylene Oxide ကို အသုံးပြုမည့်နည်းစဉ်၊ ပမာဏ၊ လုပ်ငန်းတို့ကို တိတိကျကျသတ်မှတ်၍ ကြပ်မတ်ဆောင်ရွက်ရမည့် အခြေအနေများ၊ ဓာတုပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ သိုလှောင်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်း၊ သယ်ယူပို့ဆောင်ခြင်းတို့နှင့်ပတ်သက်၍ သုံးစွဲသူအများ ပြည်သူများ လွယ်ကူစွာသိရှိနားလည်နိုင်စေရန် စီမံဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ Ethylene Oxide ကို တားမြစ်ဓာတုပစ္စည်းစာရင်းမှ ကန့်သတ်ဓာတုပစ္စည်း စာရင်းအဖြစ် ပြောင်းလဲသတ်မှတ်ရေးကိစ္စရပ်များ၊ Ethylene Oxide အသုံးပြုရာတွင် လိုက်နာဆောင်ရွက် ရမည့်အချက်များကို ဆွေးနွေးတင်ပြကြပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်