Skip to main content

ပြည်သူများသက်ရှည်ကျန်းမာရေး အစားအသောက်လုံခြုံရေးဦးစားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” လူမှုရေးဦးတည်ချက်ကိုချမှတ်၍ အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်သူများအားလုံး၏ ကျန်းမာရေးကို ရှေးရှုဆောင်ရွက်ရာတွင် မှန်ကန်သည့် စားသောက်နေထိုင်မှုပုံစံများသည် အရေးကြီးသောအချက်များဖြစ်သည်။

ပြည်သူများအနေဖြင့် နိစ္စဓူဝ လူမှုစီးပွားကိစ္စအဝဝတို့ကို ဆောင်ရွက်နေကြရာတွင် တစ်ကိုယ်ရေ ကျန်းမာကြံ့ခိုင်ရေးကို အလေးထားဦးစားမပေးနိုင်သဖြင့် ကျန်းမာသောဘဝများ ပိုင်ဆိုင်နိုင်ရေး အလှမ်းဝေးလျက်ရှိသည်။ အထူးသဖြင့် ကျန်းမာရေးကို အထောက်အကူပြုသည့် စားသောက်မှုပုံစံများကိုပင် အလေးမထားနိုင်ဘဲ သင့်လျော်သလို စားသောက်နေထိုင်ကြရသဖြင့် မကူးစက်တတ်သော ရောဂါအမျိုးမျိုးတို့ကို များသောအားဖြင့် ကြုံတွေ့နေကြရသည်။ ပြည်သူတို့ နေ့စဉ်စားသောက်သော အစားအသောက်များတွင် ကျန်းမာရေးကို ထိခိုက်စေသော အခြေအနေများကို အထူးသတိပြုကြရမည်ဖြစ်သည်။

စားသောက်ကုန် ထုတ်လုပ်သူများအနေဖြင့် ပြည်သူများ အဆင်ပြေလွယ်ကူ ချောမွေ့စွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် နေ့စဉ်ဖြည့်ဆည်းပေးလျက်ရှိရာတွင် မိမိတို့အကျိုးစီးပွားအတွက် စားသုံးသူများအပေါ် မေ့လျော့၍ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ အစားအသောက်များတွင် အန္တရာယ်ရှိနိုင်သော စားသောက်ကုန်များ ထုတ်လုပ်မိတတ်ကြပေသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းစေသော အစားအသောက်များ စားသောက်နိုင်စေရန်အတွက် စားသောက်ကုန်များကို ဈေးကွက်သို့ မတင်ပို့မီ စစ်ဆေးခြင်း၊ ဈေးကွက်သို့တင်ပို့ပြီးနောက် ဈေးကွက်တွင် ထောက်လှမ်းစစ်ဆေးခြင်း စသည့် ပြည်သူများစားသုံးသည့်အစားအသောက်များတွင် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေများကို စဉ်ဆက်မပြတ် ကြိုတင်စစ်ဆေး စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်မှုအခြေအနေ များကို စားသုံးသူများနှင့် ထုတ်လုပ်ရောင်းချကြသော လုပ်ငန်းရှင်များ သတိပြုမိကြဖို့လိုသည်။

စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူသုံးစွဲကြသော စားသောက်ကုန်ပစ္စည်းများကို ယုံကြည်စိတ်ချစွာ ရွေးချယ်ဝယ်ယူစားသုံးနိုင်ရန်အတွက် “အသင့်ထုပ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့်” ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ ၂၀-၁-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၂) ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စားသောက်ကုန်များ၏ အမှတ်တံဆိပ်များပေါ်တွင် စားသောက်ကုန်သတ်မှတ်နံပါတ် (အစားအသောက်ထုတ်လုပ်ထားမှုကုတ်နံပါတ်) များ ဖော်ပြနိုင်ရေးအတွက် စားသောက်ကုန်မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ကုန်ပစ္စည်းထုတ်လုပ်သူများအနေဖြင့် မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။

ဈေးကွက်အတွင်း အသင့်ထုပ်ပိုးထားသော အစားအသောက်များအားလုံးကို စားသောက်ကုန်မှတ်တမ်းတင်ခြင်း လျှောက်ထားဆောင်ရွက်ခြင်းအားဖြင့် တိုက်ဆိုင် စစ်ဆေးကြည့်ရှုနိုင်မည့် စားသောက်ကုန်သတ်မှတ်နံပါတ်တစ်ခု သတ်သတ်မှတ်မှတ် ရရှိသွားမည်ဖြစ်သည်။ အဆိုပါသတ်မှတ်နံပါတ်ကို စားသောက်ကုန်ပစ္စည်းပေါ်တွင် အမှတ်တံဆိပ်ဖော်ပြခြင်းအားဖြင့် တရားဝင်အသိအမှတ်ပြုထားသော စားသောက်ကုန်ပစ္စည်းအဖြစ် အသိအမှတ်ပြုနိုင်မည်ဖြစ်သည်။ စားသုံးသူများအနေဖြင့် အဆိုပါစားသောက်ကုန်အမှတ်တံဆိပ်ပေါ်ရှိ သတ်မှတ်နံပါတ်ကို အလွယ်တကူတွေ့မြင်နိုင်သောကြောင့် ဝယ်ယူသည့် အစားအသောက်အခြေအနေများကို စိစစ်သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များအဖြစ် စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ပေသည်။

စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်ပစ္စည်းများပေါ်တွင် စားသောက်ကုန်သတ်မှတ်နံပါတ်များပါရှိသည့်အတွက် မိမိထုတ်ကုန်များကို စားသုံးသူများ ယုံကြည်စိတ်ချမှုရှိစွာဖြင့် မှန်ကန်စွာဝယ်ယူနိုင်ခြင်း၊ ထုတ်ကုန်ဂုဏ်သတင်းမြှင့်တင်နိုင်ခြင်းနှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်သောအခါ ပိုမိုအဆင်ပြေလွယ်ကူစေခြင်း၊ အဆင့်ဆင့်သော အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများအနေဖြင့် အသင့်ထုပ်ပိုးရောင်းချနေသော အစားအသောက်များ၏ ဘေးအန္တရာယ်ဖြစ်မှုကို နောက်ကြောင်းပြန်ခြေရာခံနိုင်ခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ်ဖြစ်နိုင်ခြေရှိလျှင်လည်း လျင်မြန်စွာအရေးယူဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူများ ဝယ်ယူစားသုံးသော အစားအသောက်များ ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် စားသောက်ကုန်ပစ္စည်းများ မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများရော စားသုံးသူပြည်သူများပါ အလေးထားလိုက်နာဆောင်ရွက်ကြခြင်းဖြင့် လုံခြုံစိတ်ချအာမခံချက်ရှိသော ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်လာနိုင်ပြီး စားသုံးသူပြည်သူများ အသက်ရှည်ကျန်းမာ၍ ရောဂါဘယများ ကင်းဝေးမည်ဖြစ်ပါကြောင်း။  ။