Skip to main content

စာဖတ်သည့်အလေ့အထ ငယ်ဘဝကစတင်

နေထွက်မှနေဝင် နေ့တစ်နေ့ကုန်ဆုံးသည့်အခါ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုတိုးလာမှသာ အသက်တစ်ရက်ကြီးလာရခြင်းသည် အချည်းနှီးမဖြစ်ဘဲ လူဖြစ်ကျိုးနပ်မည်ဟု မြန်မာလူမျိုးတို့ ခံယူကြသည်။ နေ့စဉ်နှင့်အမျှ ပညာတိုးပွားရန်မှာ စာဖတ်ခြင်းက အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဒဿန၊ ကိုယ်ပိုင်စာပေရှိသော မြန်မာတို့အဖို့ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ်မြင့်မားရေး၊ ဗဟုသုတပြည့်စုံကြွယ်ဝရေးတို့အတွက် စာတတ်သူတိုင်း စာဖတ်ကြရန် ရှေးကပင် တိုက်တွန်းခဲ့ကြသည်။ မျက်မှောက်ခေတ်တွင်လည်း နိုင်ငံသားများအတွင်း စာဖတ်သည့် ယဉ်‌ကျေးမှု ထွန်းကားလာရေး၊ အရွယ်အလိုက် စာဖတ်ကြရေးအတွက် အစိုးရအဆက်ဆက်တို့က တိုက်တွန်းအားပေးလျက်ရှိသည်။

စင်စစ်စာဖတ်ခြင်းဝါသနာသည် ငယ်ဘဝက စတင်ခြင်းဖြစ်သည်။ ကလေးဘဝတွင် မိဘနှစ်ဦးလုံးဖြစ်စေ၊ တစ်ဦးဦးဖြစ်စေ သို့မဟုတ် မိသားစုဝင်တစ်ဦးဦးဖြစ်စေ စာဖတ်သန်သူဖြစ်ပြီး စာအုပ်အမျိုးမျိုးနှင့် ထိတွေ့ရင်းနှီးနေပါက ထိုကလေးစာဖတ်တတ်သည့်အရွယ်တွင် စာဖတ်သူဖြစ်လာသည်။ စာအုပ်တွင် ပါရှိသည့် ရုပ်ပုံများ၊ အကြောင်းအရာများကို သိချင်စိတ်ဖြင့် ဖတ်ရှုရာမှ တစ်စတစ်စနှင့် သိလိုစိတ်တို့ ပိုမိုကျယ်ပြန့်လာပြီး စာပေကိုလည်း ပို၍ကျယ်ပြန့်စွာ ဖတ်ရှုလာသည်။ အသက်အရွယ်တူချင်း နှိုင်းယှဉ်လျှင် စာဖတ်သူက အသိပညာဗဟုသုတ ပိုမိုကြွယ်ဝသူ၊ ပိုမို၍ နားလည်ချက်ချာသူ၊ ပိုမို၍ စဉ်းစားဆင်ခြင်တတ်သူဖြစ်လာသည်။ သို့ဖြစ်ရာ စာဖတ်သည့်အလေ့အထကို ငယ်ဘဝကပင် ကျောင်းတွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ လေ့ကျင့်ပျိုးထောင်‌ပေးရန်လိုသည်။

သို့ရာတွင် မိမိတို့နိုင်ငံ၌ ကလေးများအရွယ်အလိုက် ဖတ်ရှုနိုင်ရန် စာအုပ်စာပေမှာ ပေါပေါများများမထွက်နိုင်။ ထွက်လာသမျှတွင်လည်း က‌လေးတို့၏အာရုံကို ဆွဲဆောင်နိုင်ပြီး အရည်အသွေးကောင်းသည့်စာအုပ်တို့မှာ ဝင်ငွေနည်းမိသားစုတို့ လက်လှမ်းမမီနိုင်။ က‌လေးတို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ကျောင်းစာကြည့်တိုက်များမှာလည်း အကြောင်းအမျိုးမျိုးဖြင့် မဖွင့်နိုင် သည်က များကြသည်။ သို့ဖြစ်ရာ စာဖတ်အလေ့အထကို ငယ်ဘဝကပင် မရကြသည့်အလျောက် ကြီးလာသည့်အခါတွင် စာတတ်သည့်တိုင် စာမဖတ်သူများ၊ စာဖတ်ရကောင်းမှန်းမသိသူများ ဖြစ်လာသည်။ ရလဒ်မှာ နိုင်ငံသားတို့၏ ယေဘုယျအရည်အသွေး များ နိမ့်ကျရခြင်းပင်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသား လူ့စွမ်းအားအရင်းအမြစ်များ အားကောင်းမောင်းသန်ဖြစ်လာရေးအတွက် လူတိုင်းစာပေပညာတတ်မြောက်ရေး၊ စာတတ်သူတိုင်း စာဖတ်ခြင်းဖြင့် အတွေးအခေါ်မှန်ကန်သူများ၊ ဉာဏ်ပညာရင့်သန်သူများ၊ စဉ်းစားဆင်ခြင်နိုင်စွမ်း မြင့်မားသူများဖြစ်လာစေရေး နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။

စဉ်ဆက်မပြတ် စာဖတ်သူများ ဖြစ်လာကြရေးအတွက် ‌ကျောင်းစာကြည့်တိုက်များ၊ ရပ်ရွာစာကြည့်တိုက်များက ကောင်းစွာအထောက်အကူပြုနိုင်သည်။ စာကြည့်တိုက်များ ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (B) ငါးလုံးဟု အသိများသော အဆောက်အအုံ(Building)၊ စာအုပ်စာစောင်များ (Books)၊ စာကြည့်တိုက်ဆိုင်ရာ အသိဉာဏ်ပညာ(Brain)၊ စာငှားသူ (Borrowers)၊ ရန်ပုံငွေ (Budget) ဟူသည့် စံ (၅) ရပ်ကို သတ်မှတ်ထားရာ ကျောင်းစာကြည့်တိုက်များတွင် အခြေခံကောင်းများရှိနေသည်။ စာကြည့်တိုက်ကို တာဝန်ယူဆောင်ရွက်သည့် စာကြည့်တိုက်ဦးဆောင်ဦးရွက်ပြုသူတို့၏ စာကြည့်တိုက်ဆိုင်ရာ အသိဉာဏ်ပညာက စာကြည့်တိုက်များ ရှင်သန်တည်မြဲရေး၊ ဖွံ့ဖြိုးရေးနှင့် စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်ရေးအတွက် အခရာပင်ဖြစ်သည်။ က‌လေးဘဝ ကျောင်းစာကြည့်တိုက်မှ အစပြုကာ စာဖတ်သည့်အလေ့အထ ရှင်သန်ကြီးထွားလာစေရန်အတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားပါစေကြောင်း။ ။