ရန်ကုန် ဧပြီ ၁၅
၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မဟာသင်္ကြန်ပွဲတော်ကြီးကာလ မဟာသင်္ကြန်အကြိုနေ့နှင့် မဟာသင်္ကြန်အကျနေ့များတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များ၌ ရေသဘင်ပွဲတော်ဆင်နွှဲကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီးဖြစ်ရာ ယနေ့မဟာသင်္ကြန်အကြတ်နေ့တွင်လည်း ပျော်ရွှင်စွာရေသဘင်ပွဲတော်ကို ဆင်နွှဲရန်အတွက် သင်္ကြန်ချစ်သူပြည်သူများ နံနက်ပိုင်းမှစတင်၍ မိမိတို့ပါဝင်ဆင်နွှဲမည့် ရေသဘင်ပွဲတော်မဏ္ဍပ် နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များ ရှိရာနေရာများသို့ မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်း အဖွဲ့လိုက်ဖြင့် ရေသဘင်ပွဲတော်ကျင်းပရာနေရာများသို့ ရေပက်ခံကားများဖြင့် လည်းကောင်း၊ လမ်းလျှောက်၍လည်းကောင်း ပျော်ရွှင်စွာဆင်နွှဲရန် စုရုံးရောက်ရှိလာကြသည်မှာ အထူးစည်ကားများပြားလျက်ရှိပေသည်။ ရေသဘင်ပွဲသို့ရောက်ရှိလာသည့် သင်္ကြန်ချစ်သူပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့များကလုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးကြသည်။
ယနေ့ အကြတ်နေ့တွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ နံနက်ပိုင်းနှင့်ညနေပိုင်း အစီအစဉ်တွင် ရုံး၊ ဌာနနှင့်အခြားယိမ်းအဖွဲ့များ ဖျော်ဖြေခဲ့ကြပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှမြူးကြွအက အလှအပသင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ရေသဘင်ပွဲတော်ဆင်နွှဲကြသူ သင်္ကြန်ချစ်သူပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။
ထို့နောက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးတို့သည် ရေသဘင်ပွဲလာသင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ ပြည်သူ့ရင်ပြင်လမ်းလျှောက် သင်္ကြန်ပွဲတော်နှင့် Royal Apex မဏ္ဍပ်တွင် တိုင်းရင်းသားရိုးရာ အကအဖွဲ့များ၊ ယိမ်းအဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး နှင့် DJ အဖွဲ့တို့မှ အနုပညာရှင်များ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး ကြသည်။
ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်နှင့် Royal-Apex မဏ္ဍပ်အပြင် ဌာနဆိုင်ရာရေကစားမဏ္ဍပ် ၁၀ ခုနှင့် စျေးဆိုင်တန်းများသင်္ကြန် ချစ်သူ ပြည်သူများနှင့်အတူ စည်ကားစွာ နံနက်ပိုင်းမှညနေပိုင်းအထိ အတာရေသဘင်ဆင်နွှဲသူများ၊ ရေပက်ခံကားများနှင့် ဖျော်ဖြေပွဲကြည့်ရှုသူ သင်္ကြန်ချစ်သူပြည်သူတို့ဖြင့် စည်ကားလျက်ရှိသည်။
ယင်းနောက် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ ရောက်ရှိကြပြီး ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ မိသားစုဝင်များ၊ သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူယိမ်းအဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ရန်ကုန်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် ရုပ်ရှင်၊ ဂီတအဖွဲ့မှအနုပညာရှင်များ၊ DJ အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုနှင့်အတူ ရောင်စုံထီးမိုးအောက်၌ လမ်းလျှောက်ပွဲလာ သင်္ကြန်ချစ်သူပြည်သူများက ပျော်ရွှင်ကြည်နူးလျက်ရှိကြသည်။
၁၃၈၅ ခုနှစ် မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်၌လည်း ဗုဒ္ဓသာသနာတော်ကြီးက မ္ဘာ့အနှံ့ပြန့်ပွားစေရန် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် မိဘပြည်သူများက ဒုလ္လဘရဟန်းခံပေးကာ သာသနာပြုပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီတင်းသီလဆောက်တည်ကြခြင်းတို့ကို ပြုလုပ်ကြပြီး အေးချမ်းသာယာလျက်ရှိသည်။
အလှူအတန်း၌လည်း လက်မတွန့်သူများဖြစ်သည့်အပြင် မဟာသင်္ကြန်တွင် အလှူရှင်များက ဘဲဥပဲကုလားထမင်း၊ ငါးခြောက်ကြော်ပဲကုလားဟင်း၊ မုန့်ဟင်းခါး၊ ရွှေတောင်ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်များဖြင့် မဏ္ဍပ်များ၊ ရပ်ကွက်၊လမ်းများတွင် အလှူဒါနပြုကြပြီး နိုင်ငံကျော်တေးသံရှင် ဗီဘာဟိန်း၏ သင်္ကြန်အလှူအတန်းပွဲတွင်မပါမဖြစ်သော ဒီရိပ်မှာလာပါနားပါ မုန့်လုံးရေပေါ်စားပါစားပါ တေးသွားလေးကလည်း စားသုံးသူသင်္ကြန်ချစ်သူပြည်သူများအတွက် ပျော်ရွှင်ကြည်နူးမဆုံးဖြစ်ရကြောင်း သိရသည်။
တန်ခူးကိုဇော်
ဓာတ်ပုံ - ဇော်မင်းလတ်၊ ရဲထွဋ်