ရန်ကုန် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦ သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ရုံးအဆောက်အဦသစ်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဒေါ်မိုးမိုးစုကြည် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ကာ အမွှေးနံ့သာများ ပက်ဖြန်းပြီးဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ မြေနေရာ အခက်အခဲများကြားကနေ တည်ဆောက်ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်တော့မည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားရန် မှာကြားပြီး ရုံးအဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရုံးအဆောက်အဦသစ်အား ၂၀၁၉ -၂၀၂၀ ပြည်ထောင်စု အစိုးရအဖွဲ့၏ဘဏ္ဍာငွေ ကျပ် သန်း ၅၀ ဖြင့် Golden Sky 8 Construction မှတည်ဆောက်ခြင်းဖြစ်ပြီး အလျား ၃၃ ပေ အနံ ၃၆ ပေ ရှိ RC တစ်ထပ်(ထပ်ခိုးပါ)ကွန်ကရစ်အမျိုးအစား ဖြစ်ကြောင်းသိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက် )