Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ စောထော့လေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ ဆုံသည်။

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌစောရင်နုနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာ၀ရငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြေခံမူဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း ခိုင်ခိုင်မာမာလျှောက်လှမ်းရေး၊ တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအပေါ်တွင် ထားရှိသည့် တပ်မတော်၏သဘောထားသည် ပြောင်းလဲသွားမည်မဟုတ်ကြောင်းနှင့် ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် KNU/ KNLA (PC) အဖွဲ့အနေဖြင့် စံနမူနာပြအဖြစ်ဖြင့် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

KNU/ KNLA (PC) အဖွဲ့မှဥက္ကဋ္ဌ စောထော့လေးနှင့်အဖွဲ့ဝင်များက ပြန်လည်ပြောကြားရာတွင် ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းရန်မှာ မိမိတို့အဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်မှု၊ KNU/ KNLA (PC)အဖွဲ့အနေဖြင့် NCA လမ်းကြောင်းမှတစ်ဆင့် ဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ပန်းတိုင်ရောက်သည်အထိ တပ်မတော်နှင့်လက်တွဲပြီး ဆက်လက် အကောင် အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံလိုအပ်ချက်များ ကို တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားအရေးနှင့် ပတ်သက်လာပါက မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော်ရှိသည့်အတွက် မည်သူ့ကိုမျှ ချန်လှပ်မထားရေး၊ အားလုံးပါဝင်နိုင်မည့် အခြေအနေဖြစ်စေရေးနှင့်အားလုံး၏အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ မိမိဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသကို ပြန်လည်အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ် ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး၊ ပညာရေးကို အားပေးရန်လိုအပ်သကဲ့သို့ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကိုလည်း မြှင့်တင်ကြရမည် ဖြစ်ကြောင်း၊ ယခုတင်ပြခဲ့သည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တပ်မတော်က ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်လည်း ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်