Skip to main content

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဧပြီ ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိနဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားအား ယနေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အန္တိမဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူ လူထုများ၊ ရပ်မိရပ်ဖများ၊ ဆရာတော်ဘုရားကြီး၏ ဆွေတော်၊ မျိုးတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ပူဇော်ကြသည်။

စိန်ကတ္တီပါ လွှမ်းခြုံ

ဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော်ဘုရားကြီးများက သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား စိန်ကတ္တီပါ လွှမ်းခြုံကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ပထေရဝါဒသာသနာပြုအဖွဲ့များမှ ပေးပို့သော သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာများကို သက်ဆိုင်ရာ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများက ဖတ်ကြားပူဇော်ကြသည်။

တင်လှူပူဇော်

ဆက်လက်၍ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော်ကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများက ပံ့သကူသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အနီး သတ်မှတ်နေရာများတွင် တင်လှူပူဇော်ကြကာ သံဃာတော်များက အနိစ္စာဝတသင်္ခါရ အစချီသံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများ၍ ပံ့သကူသင်္ကန်းအလှူတော်ခံပြီး လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ပင့်ဆောင်ကြပြီး ဆရာတော်၊ သံဃာတော်များက အနိစ္စာဝတသင်္ခါရာ အစချီသော သံဝေဂ ဂါထာကို ရွတ်ပွားတော်မူကြကာ သာဓုသုံးကြိမ်ခေါ်ဆိုပြီး တေဇောဓာတ်ဖြင့် မီးပူဇော်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်