ရန်ကုန် ဧပြီ ၁
ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက် (ရာဟုထောင့်) အောင်မြေ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် အလှည့်ကျ သဘာပတိ ဦးသောင်းဝင်းတို့က အခမ်းအနားကို ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီ၊ ပုထိုးများဖြစ်သည့် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်နှင့် ပုဂံအာနန္ဒာစေတီ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ မကွေးမြို့ မြသလွန်စေတီ၊ ပြည်မြို့ ရွှေဆံတော်စေတီနှင့် မြောက်ဦးမြို့ သျှစ်သောင်းဘုရားကိုးဆူတို့အား Pagoda Digital Directory ပြုလုပ်ထားရှိရေး နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံရှိ အထင်ကရ ဘုရားများအား Pagoda Digital Directory အဖြစ် အဆင့်မြှင့်တင် ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (မကွေး၊ ပြည်၊ တောင်ငူ၊ သထုံ) တို့ပူးပေါင်း၍ Pagoda Digital Directory Web Portal လွှင့်တင် နိုင်ရေး စတင်စီစဉ် ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်အရ ပဲခူးမြို့ ရွှေမော်ဓောဘုရားကိုပါ ထပ်မံထည့်သွင်း ဆောင်ရွက်ခဲ့သဖြင့် စုစုပေါင်း ၁၀ ဆူကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။
စနစ်တကျထိန်းသိမ်း
ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အနေဖြင့် ယခုဖွင့်လှစ်သည့် Pagoda Digital Directory အား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နောက်ထပ်လည်း မူလရည်ရွယ် ထားသည့် ၁၀ ဆူအပြင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ တန်ခိုးကြီး ဘုရားများကိုလည်း ဆက်လက်တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ တန်ခိုးကြီး ဘုရားများအား ဆက်လက်တပ် ဆင်နိုင်ရေး သက်ဆိုင်ရာတာဝန် ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း အဖွင့်
မင်္ဂလာစကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝမ်းမြောက်စကား ပြောကြားပြီး ရွှေတိဂုံစေတီတော်ဆိုင်ရာ Pagoda Digital Directory ဆောင်ရွက် ရေးလုပ်ငန်းကော်မတီအတွင်း ရေးမှူး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးလှမြင့်က လုပ်ငန်းဆောင်ရွက် ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Station ကို စက်ခလုတ်နှိပ်၍ စတင်ဖွင့်လှစ်ပေးကြပြီး ဘုရားဖူးလမ်းညွှန်အား စမ်းသပ်အသုံးပြုကြကာ ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory Station ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် (Shwedagon Pagoda Digital Directory) ကို နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက် (၈) ရပ်နှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ရင်ပြင်တော်အရပ်လေး မျက်နှာရှိ သတ်မှတ်နေရာ အသီးသီးတွင် Station များ တည်ဆောက်၍ အများပြည်သူ စိတ်အေးချမ်းသာစွာ လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့သည် ချမ်းသာကြီးတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေတ်အဆက်ဆက်က မှတ်တမ်းဓာတ်ပုံများ၊ ထူးခြားထင်ရှားနေရာ ဌာနများနှင့် ကြည်ညိုဖွယ်ရာ ပုံတော်များကို ဘုရားဖူးလာ အများပြည်သူတို့ လေ့လာကြည့်ရှု ကြည်ညိုပူဇော်နိုင်ရန်အတွက် “လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ အမည်ရသည့် ဓာတ်ပုံပြပွဲ” တွင် ပြသထားသည့် ရွှေတိဂုံစေတီတော်သမိုင်း မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး ကျင်းပသည့် လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ ဓာတ်ပုံပြပွဲကို ယနေ့မှ ဧပြီ ၄ ရက်အထိ စေတီတော်ရင်ပြင် မြောက်ဘက် (ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ် ပြသလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်