ရန်ကုန် မတ် ၃၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုဆောင်များ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)ပရိဝုဏ် ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုဆောင်များဖြစ်သည့် ရွှေဟင်္သာ ကျောင်းဆောင်၊ ဦးထွန်းကြည်ကျောင်းဆောင်၊ စိန်ရတုကျောင်းဆောင်၊ မင်းလှကျောင်းဆောင်၊ သူရဦးထွန်းတင်ကျောင်းဆောင်၊ ကပ္ပိယကျောင်းဆောင်များအား ပြုပြင်ပြီးစီးမှုအခြေအနေနှင့် အမိုးပါ ကားပါကင်ဆောင်ရွက်မှု၊ ဝန်ထမ်းအိမ်ရာများအား နံရံပြုလုပ်မှု၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေလှောင်ကန်ပြုလုပ်မှု၊ ခြံစည်းရိုး အုတ်တံတိုင်းကာရံမှု၊ ပြင်ပလျှပ်စစ်မီးနှင့် အခြားဆက်စပ်လုပ်ငန်းများ၊ ဟံသာသီရိကုန်းမြေ မြေပြုပြင်ခြင်းနှင့် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မယ်လမုဘုရားပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်စာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိကြသော သံဃာတော်များ၊ သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် စာဖြေဌာနရှိ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်များကို ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် နဝကမ္မအလှူတော် ငွေကျပ်ငါးသိန်း ဆက်ကပ်လှူဒါန်းပြီး အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည်ဖူးမြော်ကြည်ညိုသည်။
၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စာဖြေဌာန ၆၇ ဌာန၌ မတ် ၂၈ ရက်မှစတင်၍ ကျင်းပဖြေဆိုလျက်ရှိပြီး ယနေ့ သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာ(ဒုတိယနေ့)တွင် စာရင်းသွင်း ၁၃၆၈၆ ပါး/ဦး၊ ဖြေဆို ၁၀၉၂၇ ပါး/ ဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရဓမ္မာစရိယစာဖြေဌာန ၁၆ ဌာန၌ စာရင်းသွင်း ၄၇၆၂ ပါး/ဦး၊ ဖြေဆို ၃၉၇၂ ပါး/ဦးနှင့် မြောက်ဥက္ကလာပ မြို့နယ် မယ်လမုဘုရား ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်စာဖြေဌာန၌ စာရင်းသွင်း ၃၁၁ ပါး၊ ဖြေဆို ၂၆၈ ပါးတို့ ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
သတင်းစဉ်