နေပြည်တော် မတ် ၂၉
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဗီနေးကူးမားအား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အိန္ဒိယသံအမတ်ကြီး တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ယူပါကြောင်းပြောကြားပြီး နှစ်နိုင်ငံအကြား သမိုင်းကြောင်းအစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်