Skip to main content

ဗုဒ္ဓသာသနာ တည်တံ့ထွန်းကားပြန့်ပွားရေး ထူးချွန်မွန်မြတ်သာလွန်သည့် အထောက်အပံ့

တပေါင်းလသည် မြန်မာလများတွင် ၁၂ လမြောက်၊ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်ပြီး ဆောင်းအကုန်နွေအကူးကာလလည်း ဖြစ်သည်။ တပေါင်းလတွင် ပထမလဝက်သည် ဆောင်းဖြစ်ပြီး ဒုတိယလဝက်သည် နွေတွင်ကျရောက်လျက် ရာသီအကူးအပြောင်းနှင့်အတူ တောတောင်ရေမြေသဘာဝတို့ လွန်စွာသာယာလှပသည့်အလျောက် “တပေါင်းသာခေါင် လများနောင်” ဟုပင် ဆိုသည်။ တပေါင်းလ၏ သာယာလှပမှုမှာ လတကာတို့ထက် သာလွန်ကာ အထွတ်အထိပ်ဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။

ထေရဝါဒဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးမှုထွန်းကားသော မိမိတို့နိုင်ငံတွင် ဘာသာသာသနာဆိုင်ရာဘွဲ့သဘင်များကို လစဉ်တစ်နှစ်ပတ်လုံး ကျင်းပလျက်ရှိရာ တပေါင်းလသည် တောင်သူလယ်သမားများအဖို့ လယ်ယာလုပ်ငန်းသိမ်း၍ အနားယူကြပြီး ရှာဖွေစုဆောင်းရရှိထားသော ငွေကြေးများဖြင့် လှူကြတန်းကြသောလ၊ အနယ်နယ်အရပ်ရပ်တွင် ဘုရားပွဲများကျင်းပကြသော လ၊ သဲပုံစေတီတည်ကြသောလဖြစ်သည်။ တပေါင်းလတွင် နိုင်ငံတော်အဆင့် ကျင်းပသည့် အကြီးကျယ်အခမ်းနားဆုံး ဗုဒ္ဓဘာသာသာသနာဆိုင်ရာ ပွဲသဘင်မှာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပင် ဖြစ်သည်။ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို တပေါင်းလပြည့်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သလို တစ်ပြိုင်တည်းမှာပင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်လည်း ကျင်းပခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခုနှစ် (၂၀၂၄) တွင် ပြည်တွင်း/ ပြည်ပဆရာတော်၊ သံဃာတော် ၄၂၁ ပါးနှင့် သီလရှင်ဆရာကြီး ၄၁ ပါးတို့ကို အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး လူပုဂ္ဂိုလ် ၁၂ ဦးတို့ကို သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့သည်။ ဤသည်မှာ သုံးလောကထွတ်ထားမြတ်စွာဘုရားရှင်၏ ပရိယတ္တိ၊ ပဋိပတ္တိနှင့် ပဋိဝေဓတည်းဟူသော သုံးရပ်သာသနာ သန့်ရှင်းစင်ကြယ်ရေး၊ အဓွန့်ရှည်တည်တံ့ရေး၊ ထွန်းကားပြန့်ပွားရေးအတွက် ကြိုးပမ်းရွက်ဆောင်တော်မူကြကုန်သော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကို အလေးအမြတ်ပြု ပူဇော်ခြင်း၊ လူပုဂ္ဂိုလ်ဥပသကာ ဥပသိကာများကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းပင်ဖြစ်သည်။

သာသနာတော်ဆိုင်ရာ ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်အပ်နှင်းခြင်းသည် ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူပြီး ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်းတောက်ပလာသည့်ကာလ ဝါရင့်ခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ တန်ခိုးကြီးခြင်း၊ ဓူတင်ဆောင်ခြင်း၊ ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း၊ အမျိုးမြတ်ခြင်း၊ တောရဆောက်တည်ခြင်း၊ လုံ့လဝီရိယကြီးမားခြင်း၊ သဒ္ဓါတရားကဲလွန်ခြင်းစသည့်အရာတို့တွင် အထူးဆုံး၊ အချွန်ဆုံး၊ အမြတ်ဆုံး၊ အသာလွန်ဆုံးသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များအား ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ဧတဒဂ္ဂ (ဧတဒဂ်) ဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည့်အစဉ်အလာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသည့်နောက်တွင် ဗုဒ္ဓသာသနာထွန်းကားရာနိုင်ငံတို့၌ ဗုဒ္ဓမြတ်စွာ၏ အစဉ်အလာကိုလိုက်၍ သာသနာပြုဒါယကာ မင်းကောင်းမင်းမြတ်တို့က သာသနာတော်တွင် ထူးချွန်မွန်မြတ်သာလွန်ကြကုန်သော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်အဆောင်အယောင်များကို ထိုက်သည့်အလျောက် ဆက်ကပ်ပူဇော်ခြင်း၊ ချီးမြှင့်ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာသာသနာအဓွန့်ရှည်စွာ သန့်ရှင်းတည်တံ့ထွန်းကားပြန့်ပွားစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ ချီးမြှင့်ပေးအပ်ခြင်းတို့မှာ သာသနာတော်အတွက် ကြီးစွာသောအထောက်အပံ့ကို ဖြစ်စေသည်။ ဘွဲ့တံဆိပ်တော်လှူဒါန်းခြင်းကို ခံယူရသော ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်တို့၏ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ကြိုးပမ်းအားထုတ်လုပ်ကိုင်မှုများနှင့် ဂုဏ်သတင်းများက သာသနာတော်ကို ပိုမိုထွန်းလင်းတောက်ပစေပြီး မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို ငြိမ်းချမ်းသာယာမှုများ ဆောင်ကြဉ်းလာစေမည်ဟု အနုမောဒနာပြု သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပါကြောင်း။ ။