Skip to main content

ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တောနှင့် မာန်အောင်မြို့တို့တွင် "မိမိဆန္ဒအလျောက်" တွဲဖက်တာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ စစ်တွေမြို့သို့ ရောက်ရှိ

နေပြည်တော်  စက်တင်ဘာ  ၃

ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တောနှင့် မာန်အောင်မြို့တို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ၌ “မိမိဆန္ဒ အလျောက်” တွဲဖက်တာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများသည် ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသား ပိုင် လေကြောင်းလိုင်းမှ အထူးလေယာဉ် ဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

အဆိုပါအဖွဲ့တွင် လက်ထောက်ဆရာဝန် (ဆေးပညာ) တစ်ဦး၊ လက်ထောက်ဆရာဝန်နှစ်ဦးနှင့် သူနာပြုလေးဦးတို့ကို ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင် နှင့် တာဝန်ရှိသူများက စစ်တွေ လေဆိပ်၌ ကြိုဆို ကြသည်။

အလားတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ “မိမိဆန္ဒ အလျောက်အဆိုပြုခဲ့သည့်” ဝန်ထမ်း ၁၂၈ ဦးသည် ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ ပေါက် တောနှင့် မာန်အောင်မြို့များ၌ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အားဖြည့် ဆောင်ရွက်လျက်ရှိသည်။

ယင်းဝန်ထမ်းများတွင် ညွှန်ကြားရေးမှူးနှစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူးနှစ်ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးနှစ်ဦး၊ ရောဂါဗေဒအထူးကု ဆရာဝန်ကြီးတစ်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) သုံးဦး၊ လက်ထောက်ဆရာဝန် (ဆေး ပညာအထူးကု) သုံးဦး၊ လက်ထောက် ဆရာဝန် (ရောဂါဗေဒ) တစ်ဦး၊ လက်ထောက် ဆရာဝန် (အဏု ဇီဝ ဗေဒ) တစ်ဦး၊ လက်ထောက်ဆရာဝန် ၃၈ ဦး၊ သွားနှင့် ခံတွင်းဆရာဝန် တစ်ဦး၊ သူနာပြုဆရာအုပ်တစ်ဦး၊ သူနာပြုဆရာမကြီးနှစ်ဦး၊ လက် ထောက် ကျန်းမာရေးမှူး ရှစ်ဦး၊ ဆေးဘက်ကျွမ်းကျင် - ၂ (ဓာတ်မှန်) နှစ်ဦး၊ ဆေးဘက် ကျွမ်းကျင် - ၂ (ဆေးဝါး) တစ်ဦး၊ ဌာနခွဲစာရေး နှစ်ဦး၊ အထက်တန်းသူနာပြု ၂၀ ၊ သူနာပြု ၃၄ ဦးနှင့် သားဖွားဆရာမ သုံးဦးသည် ၎င်းတို့ တွဲဖက်တာဝန်ကျရာ မြို့နယ် အသီးသီးသို့ ဩဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၃ ရက်အတွင်း ရောက်ရှိ ကြကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ထက်လျှံ