နေပြည်တော် စက်တင်ဘာ ၃
ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်လွယ်အခြေအနေတွင်ရှိသော အမျိုးသမီးများအား ကာ ကွယ်စောင့်ရှောက်ရေး လုပ်ငန်း စီမံချက်အရ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝ မြှင့်တင်ရေးအသင်းက စာရင်းပေးပို့လာသည့် ရပ်တည်ရန် ခက်ခဲသည့် အမျိုးသမီးများနှင့် “မသန်စွမ်း သူများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီ” က စာရင်းပေးပို့ သည့် ထောက်ပံ့ မှုအထူးလိုအပ်သော မသန်စွမ်းအမျိုးသမီးများအတွက် ငွေကြေး လွှဲပြောင်းထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးရုံး၌ အွန်လိုင်းစနစ် ဖြင့်ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူချုပ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ တွဲဖက် အတွင်းရေးမှူးဒေါ်ခင်မြဝင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်း၊ အမျိုးသမီးများ၊ အမျိုးသမီးမသန်စွမ်းသူများနှင့် တာဝန်ရှိသူများက အွန်လိုင်း စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများ လျော့နည်းနိုင်သမျှ လျော့နည်းစေရန် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအစီအစဉ်ထဲတွင် လူမှုကာကွယ်စောင့်ရှောက်ရေး ကိစ္စများ ပါဝင်ပြီး ထိခိုက်လွယ်အုပ်စုများအတွက် ဦးစားပေး ပံ့ပိုးကူညီမှုများဆောင်ရွက်ပါကြောင်း၊ ထိခိုက်လွယ် အုပ်စုများမှာ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများပါဝင် ပါကြောင်း၊ ယခုလိုကာလ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာချိန်တွင် မိသားစုတစ်ခုကို ဦးဆောင်ရသည့် အမျိုးသမီးများအနေဖြင့် လုံလောက်သည့်ဝင်ငွေ မရရှိနိုင်တော့သဖြင့် အစိုးရက ပံ့ပိုးကူညီရခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိပြီး ဒီမိုကရေစီ စံနှုန်းနှင့်ကိုက်ညီအောင် ကြိုးပမ်းလျက်ရှိကြောင်း၊ ခွဲခြားဆက်ဆံမှုမရှိဘဲ အားလုံးသာတူညီမျှခံစား ရရှိရေးကို ဦးတည်ပါကြောင်း။
အဆိုပါကိစ္စကို ကိုဗစ်-၁၉ ကာလတွင် ပို၍အလေးထားရပါကြောင်း၊ ယနေ့ပါဝင်ဆောင်ရွက် သည့် မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းသည် ရပ်တည်ရန် ခက်ခဲသော အမျိုးသမီးများအား အသက်မွေးဝမ်းကျောင်း သင်တန်းများ သင်ကြား ပေးခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ထိုအမျိုးသမီးများထဲတွင် ကာကွယ်စောင့်ရှောက်ဖို့လိုအပ်သော၊ မသန်စွမ်းသော၊ ပဋိပက္ခဒေသ များအတွင်း နေထိုင်ရသော အမျိုးသမီးများနှင့် ကိုဗစ်-၁၉ ကာလအတွင်း လုပ်သားအင်အား လျှော့ချခံရသော အမျိုးသမီး များပါဝင်ကြောင်း၊ ထိုသူများကို စိစစ်၍ ကူညီပံ့ပိုးရန် အခုလိုပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် မသန်စွမ်းသူများ၏ အခွင့်အရေး များရရှိရေး၊ ရပ်တည်မှုနှင့်ဖွံ့ဖြိုး တိုးတက် ရေးတို့ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ အခမ်းအနားတွင် မသန်စွမ်းသူ များအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီက စာရင်းပြုစုပေးပို့လာ သည့် မသန်စွမ်း အမျိုးသမီးများအတွက် ထောက်ပံ့ပေးမှုလည်းပါဝင်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး အစီအစဉ်အရ သုံးစွဲနေသော ငွေကြေးများသည် အကန့်အသတ်ရှိသော ပြည်သူ့ဘဏ္ဍာငွေများဖြစ်ရာ အကောင်အထည် ဖော်ရာတွင် ထိရောက်မှုရှိရေး၊ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ရရှိခံစားနိုင်ရေးတို့သည် အရေးကြီးကြောင်း၊ သက်ဆိုင် ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ တွဲဖက် အတွင်းရေးမှူးဒေါ်ခင်မြဝင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းတို့က ထောက်ပံ့မှုများအတွက် ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားခဲ့ကြ သည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပဋိပက္ခလွန်ဒေသများနှင့် ဝေးလံခေါင်ပါးသော ကျေးလက်ဒေသများရှိ ကိုဗစ်-၁၉ ကာလ ရပ်တည်ရန်ခက်ခဲသည့် အမျိုးသမီး (၂၂၄) ဦး တို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၁၂) သိန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ မသန်စွမ်း သူများအသင်းချုပ် တာဝန်ရှိသူထံသို့ အလုပ်လုပ်ကိုင်ရန်ခက်ခဲပြီး အထူးလိုအပ်မှုရှိသည့် မသန်စွမ်း အမျိုးသမီး (၃၀၀)တို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း(၁၅၀) တို့ကို ပေးအပ် ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)