နေပြည်တော် မတ် ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာရေးရာလေ့လာရေးအဖွဲ့က စီစဉ်ကျင်းပသော ပထဝီစီးပွားရေးနှင့် မြန်မာနိုင်ငံ (အခွင့်အလမ်းတွေ ဘယ်လိုရယူမလဲ) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာရေးရာလေ့လာရေးအဖွဲ့မှ သုတေသနပညာရှင် ဦးကိုကို (ကိုကို - စက်မှုတက္ကသိုလ်)၊ မြန်မာလူမှုစီးပွားဖွံ့ဖြိုးမှုအဖွဲ့အစည်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦး၊ Financial Management ၊ Vancouver, Canada ငွေကြေးစီမံခန့်ခွဲမှုပညာရှင် ဦးဝီလျှံအောင်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ မှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏စီးပွားရေး တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေမည့် စီးပွားရေးမူဝါဒများ စနစ်တကျ ချမှတ်နိုင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံ၏ တည်ရှိမှုအရ ကမ္ဘာတွင် လူဦးရေအများဆုံးနှင့် ဒုတိယအများဆုံး နိုင်ငံနှစ်နိုင်ငံအကြားတွင် ရှိနေပါကြောင်း၊ နှစ်နိုင်ငံလုံး၏ မဟာဗျူဟာအကျိုးစီးပွားတချို့သည် မြန်မာနိုင်ငံနှင့် သက်ဆိုင်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ယင်းနိုင်ငံများ လိုအပ်နေသည့် ကုန်စည်များ၊ ထုတ်ကုန်များကိုသာ အရည်အသွေးမီ ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက အကြီးမားဆုံးဈေးကွက်ကြီးများသည် လက်တစ်ကမ်းအနီးအနားတွင် ရှိနေပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထဝီစီးပွားရေးကို ကောင်းကောင်းအသုံးချနိုင်ရန်သာ လိုအပ်နေခြင်းဖြစ်ပါကြောင်း၊ ဦးဆောင်ဆွေးနွေးကြမည့် ပညာရှင်များဆီမှ တန်ဖိုးရှိသည့် ဆွေးနွေးသုံးသပ်ချက်များ၊ အကြံပြုချက်များ ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ပြင် မိမိတို့တွင် ပထဝီစီးပွားရေးအရ အားသာချက်များ၊ အခွင့်အလမ်းများ ရှာဖွေပြီး ဘယ်လိုအသုံးချနိုင်မည်ဆိုသည့် ဆွေးနွေးချက်၊ အကြံပြုချက်များကိုလည်း ရရှိလာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ဆွေးနွေးအကြံပြုချက်များအပေါ်တွင်လည်း တလေးတစား တန်ဖိုးထားပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် သိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းပူးပေါင်းပါဝင်ဆွေးနွေးကြစေလိုကြောင်း၊ နောင်တွင်လည်း အလျဉ်းသင့်သလို ယခုကဲ့သို့ ဆွေးနွေးပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် သဘာပတိအဖြစ် မြန်မာရေးရာလေ့လာရေးအဖွဲ့မှ သုတေသနပညာရှင် ဦးကိုကို (ကိုကို - စက်မှုတက္ကသိုလ်) က ဆောင်ရွက်ပြီး မြန်မာလူမှုစီးပွားဖွံ့ဖြိုးမှုအဖွဲ့အစည်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦးနှင့် Financial Management ၊ Vancouver, Canada ငွေကြေးစီမံခန့်ခွဲမှုပညာရှင် ဦးဝီလျှံအောင်တို့က ပထဝီစီးပွားရေးနှင့် မြန်မာနိုင်ငံ (အခွင့်အလမ်းတွေ ဘယ်လိုရယူမလဲ) ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ချိတ်ဆက်ဆောင်ရွက်သင့်
ဒေါက်တာဇော်ဦးက ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆက်စပ်နေမှု၊ ကုန်သွယ်ရေးအုပ်စုများ စုဖွဲ့ဆောင်ရွက်လာမှု၊ ပင်မဝင်ငွေရနိုင်မည့် စီးပွားရေးလမ်းကြောင်းများ၊ ဈေးကွက်ရှာဖွေရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ကိုဗစ် - ၁၉ ကြောင့် ပြောင်းလဲသွားသည့် ကမ္ဘာ့ဈေးကွက်အခြေအနေ၊ ကိုဗစ် - ၁၉ ဖြစ်ပွားနေသည့်ကြားမှ ပြောင်းကုန်သည်များ၏ ကြိုးစားမှုကြောင့် ထိုင်းနိုင်ငံသို့ ပြောင်းများ တင်သွင်းနိုင်ခဲ့မှု၊ အိန္ဒိယနိုင်ငံသို့ ပဲများ ပိုမိုတင်သွင်းနိုင်ခဲ့မှု၊ အထည်ချုပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေရရှိမှု၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကြောင့် ပြည်ပသို့ လုပ်သားစီးဆင်းမှုများပြားသော်လည်း မိဘများ၊ မိသားစုများထံ ငွေများ လွှဲပြောင်းပေးပို့မှုမှတစ်ဆင့် နိုင်ငံ့ဝင်ငွေရရှိမှု၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် ပင်လယ်ရေကြောင်း ဆက်စပ်မှုရှိနေသည်ဖြစ်၍ အခွင့်အလမ်းများ ရှိနေမှု၊ ပထဝီနိုင်ငံရေး ကောင်းမွန်မှုအခြေခံ၍ ပထဝီစီးပွားရေး ကောင်းမွန်အောင် ပြောင်းလဲဖော်ဆောင်နိုင်မှု၊ မြန်မာနိုင်ငံက ဆောင်ရွက်သည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအတွက် မြန်မြန်စတင်၊ အခွန်အခရယူနိုင်သည့်အခြေအနေ၊ စီမံကိန်းလုပ်ငန်းတွင် ချေးငွေဖြင့် ပူးပေါင်းပါဝင်မှုမပြုလုပ်ဘဲ Passive Income ကိုသာ ရယူနိုင်ပါက ပိုမိုကောင်းမွန်မှု၊ ထိုင်းနိုင်ငံနှင့်လည်း စီးပွားရေးပိုမိုချိတ်ဆက်ဆောင်ရွက်သင့်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ဦးဝီလျှံအောင်က ပထဝီနိုင်ငံရေးအယူအဆ ဘယ်လောက်ကျယ်ပြန့်လာနေသလဲဆိုသည်ကို နိုင်ငံတော်အကြီးအကဲ၏ ရုရှားနိုင်ငံ၌ ပြောကြားခဲ့သော မိန့်ခွန်းနှင့် စတင်လိုမှု၊ နိုင်ငံတော်အကြီးအကဲက အာရှ - ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေးအနေအထားအရ ကမ္ဘာပေါ်တွင် လွန်စွာအရေးပါသော ဒေသတစ်ခုဖြစ်ကြောင်း၊ အာရှ - ပစိဖိတ်ဒေသသည် ကမ္ဘာ့စီးပွားရေးဈေးကွက်၏ သုံးပုံတစ်ပုံခန့်ကိုလည်း ပိုင်ဆိုင်ထားပြီး အရေးပါသော အဓိကပင်လယ်ရေလမ်းကြောင်းများတည်ရှိရာ ဒေသတစ်ခုလည်းဖြစ်ကြောင်းစသည်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပသည့် (၉) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ဆွေးနွေးရာ၌ ထည့်သွင်းပြောကြားခဲ့မှု၊ မြန်မာနိုင်ငံပါဝင်သည့် အာရှ - ပစိဖိတ်ဒေသသည် စီးပွားရေးအရဖြစ်စေ၊ လုံခြုံရေးအရဖြစ်စေ လွန်စွာအရေးပါသည့် ဒေသတစ်ခုဖြစ်မှု။
ကမ္ဘာ့စီးပွားရေးတွင် အိမ်နီးချင်းတရုတ်နိုင်ငံ၏ စီးပွားရေးဖြန့်ကြက်ဖော်ဆောင်နေမှု၊ အင်အားကြီးနိုင်ငံများသည် စီးပွားရေးဖော်ဆောင်ရာတွင် မိမိနိုင်ငံအတွက် အမျိုးသားအကျိုးစီးပွား ထားရှိဆောင်ရွက်မှု၊ ပထဝီနိုင်ငံရေးတွင် သူနိုင် - ငါရှုံး သဘောတရားကို အခြေခံသော်လည်း ပထဝီစီးပွားရေးတွင် သူနိုင်- ငါနိုင် အကျိုးစီးပွားကို အခြေခံမှု၊ မြန်မာနိုင်ငံ၏ ပင်မဝင်ငွေစီးကြောင်းများကို ဖော်ထုတ်သင့်မှု၊ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စသည့်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့မှာ စုစုပေါင်းလူဦးရေ သန်း ၃၀၀၀ ကျော်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှု ၏ ၄၀ ရာခိုင်နှုန်းရှိမှု၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ရာတွင် နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်တို့ထက် ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် Logistic Transit မှ အခွင့်အလမ်းရအောင် ဖန်တီးနိုင်မှု၊ ကုန်သွယ်ရေးတွင် သယ်ယူပို့ဆောင်ရေးသည်အရေးပါပြီး စရိတ်သက်သာသည့် လမ်းကြောင်းများ ဖော်ဆောင်သင့်မှု၊ မြန်မာနိုင်ငံ ကမ်းရိုးတန်းပိုင်ဆိုင်မှုအပေါ် အခြေခံပြီး ရေကြောင်းကုန်သွယ်မှု၊ ရေထွက်ကုန်တို့မှ ဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်မှု၊ ထို့ပြင် လောင်စာဆီနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မှု၊ ရန်ကုန်စတော့အိတ်ချိန်းကို ပိုမိုအသက်ဝင်အောင် ဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် အခြားနိုင်ငံမှ ပုံတူကူး၍မရဘဲ မှီငြမ်းပြီး မိမိတို့နှင့် ကိုက်ညီသည့်ပုံစံကို ဆောင်ရွက်သင့်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပြောကြား
ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကတည်းက ပြင်ဆင်ထားမှုများ၊ ယခုကာလ တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ နှစ်ပေါင်းများစွာ ဧရာဝတီမြစ်ကူးတံတားတစ်စင်းသာ ရှိခဲ့ရာမှာ နဝတ၊ နယကလက်ထက်တွင် မြစ်ကူးတံတားပေါင်းများစွာ တည်ဆောက်နိုင်ခဲ့သဖြင့် မြစ်အနောက်ဘက်ခြမ်းဒေသများ ဖွံ့ဖြိုးတိုးတက်လာမှု၊ ရခိုင်ပြည်နယ်တွင် လမ်းများဖောက်လုပ်ပေးခဲ့မှု၊ ကျောက်ဖြူစီမံကိန်းကိုလည်း ယခင်နှစ်ပေါင်းများစွာကပင် စဉ်းစားပြင်ဆင်ခဲ့မှု၊ မြစ်ဆုံစီမံကိန်းသာ ဆောင်ရွက်နိုင်ခဲ့ပါက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်မည့်အခြေအနေ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့်ပူးပေါင်း၍ ဆက်သွယ်ရေးလမ်းကြောင်းများ ဖောက်လုပ်ရန် စီစဉ်ခဲ့သည့်အခြေအနေ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု၊ Dry Port Zone များ တည်ဆောက်ရန် လျာထားစဉ်းစားခဲ့မှု၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်ရန် လျာထားစဉ်းစားခဲ့မှု၊ လက်ရှိကာလပိတ်ဆို့မှုများနှင့် အစိုးရ၏ ဖြေရှင်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သဘာဝအရင်းအမြစ် ကုန်သွယ်မှုနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်မှု ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းသည် ပထဝီစီးပွားရေး၏ အချက်များဖြစ်မှု၊ ယနေ့ကမ္ဘာ့နိုင်ငံများသည် Economic Nationalism ကို ပြောင်းလဲဖော်ဆောင်လာမှု၊ ဒေါ်လာအပေါ် မှီခိုသည့် စီးပွားရေးကို ကျော်လွှားနိုင်ရေး ကြိုးစားဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များသာမက ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စီးပွားရေးတိုးတက်မှုအတွက် တီထွင်ဆန်းသစ်ခြင်း၊ နည်းပညာနှင့်အညီ လုပ်ဆောင်ခြင်း၊ စွမ်းအင်လုံခြုံရေး၊ ငွေကြေးခိုင်မာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လာမှုတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ပြန်လည်ဖြေကြား
ဆက်လက်၍ တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ အရာရှိများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒေါက်တာဇော်ဦးနှင့် ဦးဝီလျှံအောင်တို့က ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အလုပ်ရုံဆွေးနွေးပွဲသဘာပတိနှင့် ဆွေးနွေးဟောပြောသည့် ပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဦးမောင်မောင်အုန်းတို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မြန်မာရေးရာ၊ တိုင်းရင်းသားရေးရာနှင့် ကမ္ဘာရေးရာစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။
သတင်းစဉ်