Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန် - မန္တလေး အမြန်လမ်းရှိ ဒုဋ္ဌဝတီတံတား အသစ်ပြန်လည်တည်ဆောက်ခြင်းနှင့် လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက်နေသည့်အခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်း၏ မိုင်တိုင်အမှတ် ၃၆၆/၃ မှ ၃၆၁/၃ အကြားရှိ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ကွန်ကရစ်လမ်းများ ပြန်လည်ပြုပြင်ပြီးစီး၍ ကတ္တရာကွန်ကရစ်(AC)ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေ မှုအခြေအနေ၊ လမ်းဝဲ/ယာမြေ သားအမာခံရရှိရေး ဆောင်ရွက်ပြီးစီးသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။     

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်တိုင်အမှတ်(၃၆၀/၀)ရှိ မြစ်ဆွတ်ချောင်း တံတားသို့ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာကလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးစေရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတား (ပေ ၁၀၀၀) အသစ်ပြန်လည်တည် ဆောက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ရန်အတွက် ဒုဋ္ဌဝတီ တံတားတည်ဆောက်ပြီးစီးရန်လိုအပ်ပါကြောင်း၊ ငလျင်ဒဏ်ကြောင့် တံတားပြိုကျပျက်စီး၍ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသဖြင့် ခရီးသွားပြည်သူများ တံတားဦး - ပလိပ်လမ်းမှ တစ်ဆင့်ပတ်၍ မန္တလေးမြို့သို့ သွားလာနေရသောကြောင့် လေးလမ်းသွား တံတားဆောင်ရွက်နေခြင်းတွင် အပြန်လမ်းဘက်မှ နှစ်လမ်းသွားတံတားကို ၂၀၂၆ ခုနှစ် ကုန်မတိုင်မီ ပြီးစီးအောင်တွန်းအားပေးဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တံတားတည်ရှိသည့် နေရာသည် ပြင်းထန်သည့် လှုပ်ခါမှုကြောင့် အစိုင်အခဲမှ ရွှံ့ညွန်ကဲ့သို့ ဂုဏ်သတ္တိပြောင်းလဲခြင်းဖြစ်စဉ် (lique- faction) ဖြစ်နိုင်ခြေများသော မြေအမျိုးအစားဖြစ်သောကြောင့် လိုအပ်သည့် တွက်ချက်မှုများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တံတားပြီးစီးသည်နှင့် တစ်ပြိုင်တည်း ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်း လွယ်ကူချောမွေ့စွာသွားလာနိုင်ရန်အတွက် လမ်းတစ်လျှောက်ရှိ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ဟန်ချက်ညီစွာပြီးစီးစေရေး လမ်းပိုင်းအလိုက် တာဝန်ခံများနှင့် ညွှန်ကြားရေးမှူးချုပ်တို့က စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း မှာကြားကာ လုပ်ငန်းခွင်အတွင်း အသေးစိတ်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) မိုင်တိုင်အမှတ်(၃၅၅/၀)ရှိ ယုဇနတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အသေးစိတ်ဆွေးနွေးမေးမြန်းကာ လုပ်ငန်းခွင်အတွင်း လိုက်လံစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားသည်။ ယခုတည်ဆောက်နေသော ယုဇနတံတားသည် အရှည်ပေ ၂၂၀ ရှိပြီး အကျယ် ၂၇ ပေရှိသော နှစ်လမ်းသွားတံတားဖြစ်၍ ၂၀၂၅ ခုနှစ် ဧပြီလတွင် စတင်တည် ဆောက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ပြီးစီးစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း)အတိုင်း မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာကြရာ လမ်းတစ်လျှောက်တွင် အမာခံလမ်းပခုံးများ ဆောင်ရွက်ပြီးစီးသည့်အခြေအနေ၊ လမ်းအင်္ဂါရပ်နှင့်ကိုက်ညီစေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်