နေပြည်တော် မတ် ၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်ရှိ မန္တလေးနည်းပညာ တက္ကသိုလ်ကကြီးမှူး၍ အာဆီယံပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (ASEAN India Fund) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော “Enhancing the capacity building in science and technology through close collaboration between Mandalay Technological University and Ho Chi Minh City University of Technology” စီမံကိန်းလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်သည့် “မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ နည်းပညာတက္ကသိုလ်များမှ ဘွဲ့ကြိုသင်တန်းများ၏ ဘုံတူညီသော ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရည်အသွေးတည်ဆောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ”ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ် ဝန်ချုပ်ရုံး ကိုယ်စားလှယ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ပါမောက္ခချုပ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Initiative for ASEAN Integration & Narrowing Develop-ment Gap (IAI & NDG) ၏ Associate Officer၊ ဗီယက်နမ်နိုင်ငံ ဒါလက်တက္ကသိုလ် ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်နှင့် Thuy Loi တက္ကသိုလ်တို့မှ Vice President, Vice Dean, Young Scientists၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံမှ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး) နှင့် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Action Plan တစ်ခုကို ရေးဆွဲနိုင်မည်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ASEAN Coope-ration Project မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများ၏ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် လုပ်ငန်းများကို ကောင်းမွန်လာအောင် မြှင့်တင်နိုင်ရန်ဖြစ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးမှုများ၊ အကဲဖြတ်လေ့လာမှုများနှင့် အတွေ့အကြုံများကိုမျှဝေခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ နည်းပညာတက္ကသိုလ်များ၏ ဘွဲ့ကြိုပရိုဂရမ်များကို မြှင့်တင်နိုင်မည့် Action Plan တစ်ခုကို ရေးဆွဲနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့ လူငယ်များအတူတကွ ပြုစုပျိုးထောင်ပေးခြင်းမှတစ်ဆင့် သိပ္ပံနှင့်နည်းပညာ၏ ပြောင်းလဲနိုင်စွမ်းကိုအသုံးချ၍ ရေရှည်တွင်ပိုမိုကောင်းမွန်သော အာဆီယံအသိုင်းအဝိုင်းတစ်ခုကို ဖန်တီးလာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Sundeep Kaushal တို့က အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မွန်းလွဲပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မန္တလေးနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ် Vice Director Dr. Vu Anh Quang တို့က အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားကြပြီး စီမံကိန်းတာဝန်ခံ ဒေါက်တာဝဏ္ဏဆွေက စီမံကိန်းနှင့်စပ်လျဉ်းသော အချက်အလက်များကို Presentation ဖြင့် တင်ပြသည်။
ထို့နောက် Dr. Vu Anh Quang က ဗီယက်နမ်နိုင်ငံမှ တက္ကသိုလ်များ၏ ဘွဲ့ကြိုသင်တန်းများအတွက် အရည်အသွေးတည်ဆောက်မှု ဆန်းစစ်ချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြပြီး မန္တလေးနည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများက မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ်များ၏ ဘွဲ့ကြိုသင်တန်းများအတွက် အရည်အသွေးတည်ဆောက်မှုဆန်းစစ်ချက် အစီရင်ခံစာအနေဖြင့် နည်းပညာတက္ကသိုလ်များမှကောက်ယူခဲ့သော အချက်အလက်များအပေါ်တွင် အခြေခံ၍ Desk Survey ၊ Stuff ၊ Student ၊ HR ၊ Research အစရှိသော ကဏ္ဍများတွင် ဆန်းစစ် လေ့လာမှုရလဒ်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ကျင်းပသွားမည်
ယင်းနောက် မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့မှ ဆရာ ဆရာမများ၊ လူငယ်ပညာရှင်များနှင့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မတ် ၃ ရက်မှ ၄ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်