Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏အနာဂတ်ကို မြှင့်တင်စို့ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း တက်ရောက်

ရန်ကုန် မေ ၂၈

“နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏အနာဂတ်ကို မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် သာကေတမြို့နယ် လူငယ်စင်တာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လူငယ်ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ်များအနေဖြင့် ဗလငါးတန်ပညာ့မာန်ဖြင့် နိုင်ငံ၏အနာဂတ် ပဲ့ကိုင်ရှင်များဖြစ်အောင်ကြိုးစားပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ထုဆစ်ပုံဖော်ရာတွင် ရှေ့တန်းကတက်ကြွစွာ ပါဝင်နိုင်ကြသူများအဖြစ် စွမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့က လူငယ်စကားဝိုင်း Moderator/ Speaker နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ယင်းနောက် လူငယ်အဖွဲ့ခေါင်းဆောင်ငါးဦးတို့က “နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏အနာဂတ်ကို မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် လူငယ်မောင်မယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း QR Scan ဖြင့် စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

သတင်းစဉ်