နေပြည်တော် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာစံပြကျေးရွာ ပြင်စာမစိုးရိမ်တိုက်သစ်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိ ပဋိပတ္တိပါလကျောင်းဆောင်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
စီစဉ်ဆောင်ရွက်ပေး
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ သံဃာတော် ၅၂၈ ပါးနှင့် ဒေသခံပြည်သူ ၂၀ တို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင်တိုင်းမှူးနှင့် တာဝန်ရှိသူများက စိတ္တပါလဗုဒ္ဓဝိပဿနာဗိမာန်တော်သို့သွားရောက်၍ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဝါသေဌာဘိဝံသနှင့် ပြင်စာမစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တခေမိန္ဒတို့အား ဖူးမြော်ကြည်ညိုပြီး သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
