နေပြည်တော် ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ လူငယ်အမျိုးသား ၅၀ ဦး ထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးငွေညှစ်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မော်လမြိုင်မြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မော်လမြိုင်မြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် လှည့်ကင်းပတ်ကင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်လျက်ရှိပြီး လူငယ်များကို ဖမ်းဆီးငွေညှစ်ခြင်းများမရှိကြောင်း၊ မိဘပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် လုပ်ကြံရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်၊ ရပ်ကွက်များတွင်လည်း အသက် ၁၈ နှစ်နှင့် ၃၅ နှစ် အမျိုးသားများ စာရင်းကောက်ယူနေကြောင်း မှန်ကန်မှုမရှိသည့် သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိပါသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှုကို မလိုလားသူအဖျက်သမားများက မိဘပြည်သူများနှင့် လူငယ်လူရွယ်များကို စိုးရိမ်ထိတ်လန့်စေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန်ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလသတင်းအမှားများဖြင့် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရန်အတွက် ဝါဒဖြန့် လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။