Skip to main content

အမျိုးသားရေးတာဝန်ဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်

တရားမဝင်ကုန်သွယ်မှု သို့မဟုတ် ဝိသမစီးပွားရှာမှုသည် နိုင်ငံအကျိုးစီးပွားကို ကြီးစွာထိခိုက်နိုင်သည်။ တစ်ချိန်သောကာလက တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးခဲ့သဖြင့် မှောင်ခိုစီးပွားရေးစနစ်အားကောင်းပြီး တိုင်းပြည်ပြိုလဲပျက်စီးသည့်အဖြစ်သို့ပင် ရောက်ရှိခဲ့သည်ကို မြန်မာနိုင်ငံတွင် ကြုံတွေ့ဖူးသည်။ မျက်မှောက်ကာလတွင် တံခါးဖွင့်စီးပွားရေး (ဝါ) ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလျက်ရှိသော်လည်း တရားမဝင်ကုန်သွယ်မှု ဆက်လက်အားကောင်းနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံ၌ ဥပဒေကိုကျော်လွန်၍ ဆောင်ရွက်နေခြင်းများရှိပြီး စီးပွားရေးသမားများအနေဖြင့် ဝိသမလောဘများဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ကုန်သွယ်၊ စီးပွားရေးအပြင် လုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်သမားများထံသို့ ငွေကြေးများ စီးဆင်းမှုများဖြစ်ပေါ်စေပြီး ၎င်းတို့မှတစ်ဆင့် လုံခြုံရေးအရ ထိခိုက်မှုများကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများအား ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန် လိုကြောင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုများကြောင့် တိုက်ရိုက်ဆိုးကျိုးသက်ရောက်မှုနှင့် သွယ်ဝိုက်ဆိုးကျိုး သက်ရောက်မှု နှစ်မျိုးရှိသည်။ တိုက်ရိုက်ဆိုးကျိုးသက်ရောက်မှုတွင် စီးပွားရေးကဏ္ဍများစွာ၏ ကုန်ထုတ်စွမ်းအားနှင့် အမြတ်အစွန်းများကို ပျက်ပြားစေခြင်း၊ နှစ်စဉ်နှစ်တိုင်း တရားဝင်ကုန်သွယ်စီးပွားရေးမှ ဝင်ငွေများဆုတ်ယုတ်စေခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခြင်း၊ တရားမဝင်ကုန်သွယ်မှုမှ တရားမျှတမှုမရှိသည့် ယှဉ်ပြိုင်မှုကြောင့် တရားဝင်စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ရောင်းချမှု၊ တင်သွင်းမှုစသည်တို့ကို လျော့ကျလာစေပြီး တရားဝင်လုပ်ငန်းများ၏ အလုပ်အကိုင်များဖန်တီးမှုနှင့် အခွန်ပေးဆောင်မှုတို့ကို ပျက်ပြားစေခြင်း၊ အစိုးရ၏ အခွန်ဝင်ငွေရရှိမှုများကျဆင်းခြင်းကြောင့် အများပြည်သူအတွက် ရင်းနှီးမြှုပ်နှံမှုများကို လျော့ကျစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြင်းထန်စွာဆိုးကျိုး သက်ရောက်စေခြင်း၊ တရားမဝင်ကုန်သွယ်မှုနှင့်ဆက်နွှယ်ပြီး ရာဇဝတ်မှုကျူးလွန်သည့်ဂိုဏ်းများ တိုးပွားလာခြင်းတို့ကို ဖြစ်ပေါ်စေသည်။

သွယ်ဝိုက်ဆိုးကျိုးသက်ရောက်မှုများတွင် တရားမဝင်သည့် ငါးဖမ်းဆီးမှုများကြောင့် ငါးသယံဇာတများ ပြုန်းတီးခြင်းနှင့် အဆိုပါအရင်းအမြစ်များအပေါ် မှီခိုအားထား အသက်မွေးဝမ်းကျောင်းပြုကြသူများအတွက် စီးပွားရေးနှင့်အလုပ် အကိုင်အခွင့်အလမ်းများ ခြိမ်းခြောက်ခံရခြင်း၊ တရားမဝင်ငါးဖမ်းလှေများတွင် လူဆိုးဂိုဏ်းများ၏ အတင်းအကျပ်စေခိုင်းခံရခြင်း၊ တရားမဝင်သစ်ခုတ်ခြင်းနှင့် သစ်မှောင်ခိုမှုများကြောင့် သစ်တောများနှင့် တိရစ္ဆာန်တို့၏ ဂေဟစနစ်များပျက်စီးပြီး ခရီးသွားလုပ်ငန်းကဏ္ဍမှ အလုပ်အကိုင်များ ခြိမ်းခြောက်ခံရခြင်း၊ သစ်တောများကို မှီတင်းနေထိုင်ကြသည့် အသိုက်အဝန်းများ ခြိမ်းခြောက်ခံရခြင်း၊ ပိုးသတ်ဆေးအတု အသုံးပြုမှုကြောင့် စီးပွားရေးဆုံးရှုံးခြင်းနှင့် သဘာဝပတ်ဝန်းကျင်အရည်အသွေး လျင်မြန်စွာကျဆင်းလာခြင်း စသည်တို့ကိုဖြစ်ပေါ်စေသည်။

တရားမဝင်ကုန်သွယ်မှု ကြီးထွားလာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုခန့်မှန်းခြေမှာ GDP ၏ ရှစ်ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအကြား ရှိသည်။ တရားမဝင်ကုန်သွယ်မှုများမှ ရရှိလာသော အကျိုးအမြတ် ဒေါ်လာဘီလီယံပေါင်းများစွာကို အခြားသောတရားမဝင်လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြင့် လူ့အသိုက်အဝန်း၏ စီးပွားရေးလုပ်ငန်းများအကြား မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်ပြီး အဆိုးရွားဆုံးအဖြစ် နိုင်ငံတော်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက်သမားများကို ထောက်ပံ့သည့်ငွေကြေးများ ဖြစ်ပေါ်လာသည်ကိုတွေ့ရသည်။ ထို့ကြောင့် တရား မဝင်ကုန်သွယ်မှုသည် စီးပွားရေးအတွက်သာမက နိုင်ငံလုံခြုံရေးကိုပါ ထိခိုက်စေသည့် ကြီးမားသောပြဿနာဖြစ်သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ တရားဝင်လုပ်ကိုင်နေကြသည့် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး စသည့်နယ်ပယ်အသီးသီးတို့ကို ထိခိုက်စေနိုင်သည့် အန္တရာယ်ကြီးမားလျက်ရှိသော တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ လျော့နည်းကျဆင်း လာစေရေးအတွက် “အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ရှိသူများအပြင် ဆက်စပ်သည့် ကုန်သည်လုပ်ငန်းရှင်များနှင့် ပြည်သူလူထု တစ်ရပ်လုံးကပါ နိုင်ငံတော်အစိုးရက တိုက်ဖျက်နေသောလုပ်ငန်းများတွင် စဉ်ဆက်မပြတ်ပါဝင်လက်တွဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။

ကြေးမုံအယ်ဒီတာ့အာဘော်