နေပြည်တော် ဖေဖော်ဝါရီ ၁၉
(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိမ်(၃၀)မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက အဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက် တပ်မတော်ဂုဏ်ပြု စစ်တီးဝိုင်းအဖွဲ့က သရုပ်ပြတီးခတ် ဖျော်ဖြေကြရာ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် တက်ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့အား တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိမ်(၃၀)မြောက် တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စစ်တီးဝိုင်း အသင်းပေါင်း ၂၉ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်