Skip to main content

သတင်းအဆိပ်သင့်မှုအန္တရာယ်သည် မိမိတို့၏ နေ့စဉ်လူမှုစီးပွားဘဝကို များစွာသက်ရောက်နေပြီး အမှားများစွာဖြစ်ပေါ်လာနိုင် နိုင်ငံတော်တည်ဆောက်ရေးတာဝန်ထမ်းဆောင်နေကြသူများသည် မီဒီယာ၏တန်ဖိုးကိုနားလည်ပြီး ကောင်းစွာအသုံးချတတ်ရန်လိုအပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ရတနာသိင်္ဃခန်းမ၌ တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် သင်တန်းသားသင်တန်းသူများအား ဆွေးနွေးပြောကြားသည်။

ဦးစွာ တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍမှတ်တမ်းဗီဒီယိုများကို ပြသသည်။

ဝန်ထမ်းကောင်းများဖြစ်အောင်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ယနေ့ခေတ်သည် နည်းပညာဖွံ့ဖြိုးတိုးတက်သည့် ခေတ်ဖြစ်သည့်အလျောက် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် သင်တန်းသားသင်တန်း သူများအနေဖြင့် ဖြစ်ပေါ်လာသည့် နည်းပညာသစ်များနှင့် မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်း၊ စွမ်းဆောင်နိုင်သူအတွက် ကြီးလေးသော တာဝန်ဟူသည်မရှိ ဆိုသည့် စကားရပ်အတိုင်း မိမိတို့၏ ကျရာအခန်းကဏ္ဍများတွင် တာဝန်ကျေပွန်သည့်၊ ပြည်သူက တန်ဖိုးထားလေးစားအားကိုးရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းများသာမက တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်နေကြသည့် ဝန်ထမ်းကောင်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်အတွင်းဖြစ်ပေါ်နေသော သတင်းအမှန်များကို သိရှိနားလည်ပြီး ၎င်းသတင်းအမှန်များကို အခြေခံ၍ နိုင်ငံတော်နှင့်ပြည်သူလူထု နေ့စဉ်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

ဒစ်ဂျစ်တယ်ခေတ်တွင် မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု ပညာရပ်သည် သတင်းမှားများကို တိုက်ဖျက်ရန်အတွက် မရှိမဖြစ်လိုအပ်သော ယန္တရားတစ်ခုဖြစ်ပြီး လူငယ်အချို့က သတင်းတု၊ သတင်းမှားများအပေါ် စိစစ်နိုင်မှုအားနည်းသည့်အတွက် သတင်းအချက်အလက် မှားများ၏ သွေးဆောင်ဖြားယောင်းမှုကို ခံနေရခြင်းပင်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း သတင်းတု၊ သတင်းမှားများကို နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ချက်ချင်းတုံ့ပြန် ဖြေရှင်းပေးနေသလို ပြည်တွင်း၊ ပြည်ပမီဒီယာ သမားများနှင့်လည်း တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲများ အကြိမ်ကြိမ်ပြုလုပ်ပေးခဲ့ပါကြောင်း။

မီဒီယာကိုထိရောက်စွာအသုံးပြု

နိုင်ငံတော်တည်ဆောက်ရေးတွင် မီဒီယာကိုထိရောက်စွာအသုံးပြုပါက နိုင်ငံရေး၊ စီးပွားရေး နှင့်လူမှုရေးကဏ္ဍများတွင် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လုပ်ဆောင်ချက်များကို ပြည်သူများသိရှိနားလည်သဘော ပေါက်စေရန် မီဒီယာနည်းလမ်းဖြင့် ပျံ့နှံ့အောင်ဆောင်ရွက်နိုင်မှုကြောင့် ပြည်သူတစ်ရပ်လုံး ယုံကြည်လက်ခံလာပြီး အားတက်သရော ပါဝင်လုပ်ဆောင်ကြမည်ဖြစ်သလို သဘာဝဘေးအန္တရာယ်ကဲ့သို့ ထူးခြားသည့် အခြေအနေများကိုလည်း ကြိုတင်ကာကွယ်ရေးမှစပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မီဒီယာနည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း။

မိမိတို့ ဝန်ကြီးဌာနသည် နုပျိုသစ်လွင်၍ ခေတ်မီသောမူဝါဒဖြင့် ပြည်သူလူထုသို့ ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်ဟူသည့် မူဝါဒ(၃)ရပ်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ယခုကဲ့သို့ လာရောက်ဆွေးနွေးပြောကြားခြင်းသည် အသိပညာပေးရန်ဟူသည့် ဝန်ကြီးဌာန၏ တာဝန်တစ်ရပ်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် မီဒီယာနည်းလမ်း၊ ပြည်သူ့ဆက်ဆံရေးနည်းလမ်းကောင်းများဖြင့် နိုင်ငံတော်နှင့်ပြည်သူများ အကျိုးရှိစေရေးကို ဆောင်ရွက်ရမည်မှာ မိမိတို့ဝန်ကြီးဌာန၏ တာဝန်ပင်ဖြစ်ပါကြောင်း။

နေ့စဉ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်အမှန်များ သိရှိရန်လိုအပ်ပါကြောင်း၊ သတင်းအဆိပ်သင့်မှုအန္တရာယ်သည် မိမိတို့၏ နေ့စဉ်လူမှုစီးပွားဘဝကို များစွာ သက်ရောက်နေပါကြောင်း၊ သတင်းအမှားများကို နားယောင်ပြီး ဆုံးဖြတ်ချက်အမှား၊ ရည်ရွယ်ချက်အမှား၊ စေတနာအမှားစသည့် အမှားများစွာဖြစ်ပေါ်လာ နိုင်ပါကြောင်း၊ ယနေ့နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများသည် ဆင်ခြင်တုံတရားကင်းမဲ့၍ ဖြစ်ပေါ်လာခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသားများသည် နိုင်ငံတော်တည်ဆောက်ရေးတာဝန် ထမ်းဆောင်နေကြသူများဖြစ်သည့်အတွက် မီဒီယာ၏တန်ဖိုးကို သိရှိနားလည်ပြီး ကောင်းစွာအသုံးချတတ်ရန် လိုအပ်ပါကြောင်း။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအာဏာတည်သည့်နေ့ရက် သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းပြည်သူ့စစ်မှုထမ်းဥပဒေမှာ ယခုမှအသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေမဟုတ်သည်ကို အားလုံးသိရှိပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုဥပဒေနှင့်ပတ်သက်၍ ကောလာဟလများ ထုတ်လွှင့်လျက်ရှိသည့်အတွက် အနည်းငယ် ရှင်းလင်းပြောကြားလိုပါကြောင်း။

မိမိတို့ နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ယခုပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်မည့်၊ အကျုံးဝင်နိုင်သည့် လူဦးရေစုစုပေါင်း ၁၃ သန်း နီးပါးရှိပါကြောင်း၊ ထို ၁၃ သန်းလုံးကို တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင်စေမည် မဟုတ်ပါကြောင်း၊ လူဦးရေ ၁၃ သန်းအနက် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းတွင် အမျိုးသမီးများကို ထည့်မတွက်ဘဲ အမျိုးသားများကိုသာ ထည့်တွက်ပါက လူဦးရေ ၆ ဒသမ ၃ သန်း၏ တစ်ရာခိုင်နှုန်းဆိုလျှင် ခြောက်သောင်းသုံးထောင်ရှိပြီဖြစ်ပါကြောင်း၊ နှစ်ရာခိုင်နှုန်းဆိုလျှင် တစ်သိန်းနှစ်သောင်းရှိပါကြောင်း။

တစ်ဆယ်ရာခိုင်နှုန်းဆိုပါက လူဦးရေ ၆ သိန်းရှိပြီး ဤမျှ လူဦးရေ မလိုနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ရပ်ကွက်/ကျေးရွာ ပေါင်း ၆ သောင်းရှိရာ ရပ်ကွက်/ကျေးရွာ တစ်ခုတွင် စစ်မှုထမ်းဆောင်ရန် တစ်ဦးထက် သို့မဟုတ် နှစ်ဦးထက်ပိုစရာမရှိပါကြောင်း။

နိုင်ငံသားအားလုံးတတ်မြောက်ရန်

မိမိတို့ ယင်းဥပဒေကို စတင်အသက်ဝင်အောင် လုပ်ရခြင်းမှာ ရေရှည်အားဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့် စွမ်းရည်၊ နိုင်ငံတော်ကိုကာကွယ်နိုင်သည့် စွမ်းအား၊ နိုင်ငံတော်ကို ကာကွယ်နိုင်သည့် ပညာကို နိုင်ငံသားအားလုံးတတ်မြောက်သွားရန် လိုအပ်သည့်အတွက် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးသည် တပ်မတော်တစ်ခုတည်းတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ကို သိရှိနားလည်စေလိုပါကြောင်း။

သင်တန်းသား သင်တန်းသူ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သင်တန်းပြီးဆုံးပြီး မိမိတို့၏ လုပ်ငန်းခွင်သို့ ပြန်လည်ရောက် ရှိသည့်အခါ ဤတက္ကသိုလ်ကြီးမှ ပို့ချသော နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဘာသာရပ်များသာမက မိမိတို့သိရှိတတ်မြောက်ကျွမ်းကျင်ထားသော ပညာရပ်များ၊ အသိပညာဗဟုသုတများကိုပါ ကောင်းမွန်စွာအသုံးချ၍ ပြည်သူလူထုအပေါ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလုပ်အကျွေးပြုရမည်ဖြစ်ပြီး မိမိတို့၏ အလုပ်တာဝန်သာမက စေတနာ၊ မေတ္တာဖြင့်ပါ နိုင်ငံတော်တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသို့တက်ရောက် ကြသည့် သင်တန်းသားသင်တန်းသူများအား MRTV DTH စလောင်းငါးစုံနှင့် DVB T2 Set Top Box အလုံး ၁၀၀ ကို ကံစမ်းမဲဖောက်၍ ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ဖောင်ကြီးမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်နေသော အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ် (၁၁)၊ အရာ ထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၁၉)၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်းအမှတ်စဉ်(၉၄)နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၈)တို့မှ နိုင်ငံ့ဝန်ထမ်း သင်တန်းသားသင်တန်းသူဦးရေ စုစုပေါင်း ၈၆၀ တို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ သင်တန်းအမှတ်စဉ်အလိုက် ရက်သတ္တ (၄ ပတ်မှ ၁၆ ပတ်) အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်