Skip to main content

ကုန်သွယ်မှုလမ်းကြောင်းများ၊ မွေးမြူရေးဇုန်များ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းစစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်ကြမည့် စစ်ဆေးရေးမှူးသင်တန်း(၁/၂၀၂၄) ဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၁၅

စစ်ဆေးရေးမှူး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး သင်တန်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဇီဝလုံခြုံရေးလုပ်ငန်းများသည် မွေးမြူရေးကဏ္ဍတစ်ခုလုံး၏ အရေးပါဆုံးလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားပြီး စောင့်ကြည့် စစ်ဆေးမည့် စစ်ဆေးရေးမှူးများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းစစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကို ဇီဝလုံခြုံရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်စေရန်နှင့် ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ ကာကွယ်ရေးဇုန်၊ ထိန်းချုပ်ရေး ဇုန်လုပ်ငန်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်း သား ၃၃ ဦး တက်ရောက်ကြောင်း၊ သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၆ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် မွေးမြူရေးဇုန်များ တည်ထောင်ထားရှိမှု၊ ဝက်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲ အရှင်သယ်ဆောင်မှုကို စစ်ဆေးခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်ခြင်းကို စစ်ဆေးခြင်း၊ အေးခဲသားသယ်ဆောင်မှုကိုစစ်ဆေးခြင်း၊ ခွာနာလျှာနာရောဂါ၊ ပေါင်ပုပ် လက်ပုပ်ရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါ၊ လည်ချောင်းကွဲ ရောဂါ၊ ထောင့်သန်းရောဂါနှင့် တိရစ္ဆာန်ကူးစက်ရောဂါများကို စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာများ၊ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ရှင်းလင်းစွာသိရှိနားလည်ပြီး စွမ်းဆောင်မှုမြင့်မားစေရေးအတွက် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် လေ့ကျင့်သင်ကြားရေးဆေးရုံ၌ တိရစ္ဆာန်များ လာရောက်ဆေးကုသခံယူနေမှုများကို ကြည့်ရှုစစ်ဆေးသည်။       

ထို့နောက် ဒုတိယဝန်ကြီးသည် ရုံးအမှတ် (၃၆) အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသားကဏ္ဍ တိုးတက်ထုတ်လုပ် နိုင်ရေး၊ စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ချောထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေး အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ မွေးမြူရေးခြံ တည်ထောင်လုပ်ကိုင် လိုသူများကို အသိပညာပေး၊ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသောဈေးကွက် ဖော်ဆောင်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်