Skip to main content

သန်လျင်မြို့နယ်တွင် လူငယ်များပေါ်တာဆွဲခံရပြီး စစ်တပ်ထဲတွင်စုဆောင်းခံထားရကြောင်းနှင့် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် မြို့ကြီးတွေမှာ လူအယောက် ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ငွေသန်းဝင်းရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တပ်မတော်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက တစ်အိမ်တစ်ဦး မဖြစ်မနေပေးရမည်ဟုဆိုကာ အသက်မပြည့်သော ကလေးများအပါအဝင် လူငယ်များကို ပေါ်တာဆွဲခေါ်ဆောင်သွားပြီး သန်လျင်ဘုရားကုန်းအနီး စစ်တပ်ထဲတွင် စုဆောင်းခံထားရကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရပ်ကွက်များတွင် တစ်ရပ်ကွက်လျင် လူငယ် ၂၀ ဦးစီစာရင်းပေးရန် တပ်မတော်က တောင်းခံလာကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ သန်လျင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် ရက်သတ္တပတ် ၂ ပတ်ခန့် သင်တန်းပေးဆောင်ရွက်နေပြီး အဆိုပါသင်တန်းတွင်လည်း အသက်မပြည့်သေးသူများ ပါဝင်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

အလားတူ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း စသည့် မြို့ကြီးတွေမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့ရက် သတ်မှတ်လိုက်သည့် နေ့မှစ၍ ၄ ရက်အတွင်း လူအယောက် ၁၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်းစသည့် ကောလာဟလသတင်းအမှားများသည် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ပြည်ဖျက်မီဒီယာအချို့မှ သွေးထိုးလှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ပါသည်။

ထိုသို့ ပြည်ဖျက်မီဒီယာအချို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း နိုင်ငံပိုင်မီဒီယာများမှတဆင့် ရှင်းလင်းပြောကြားလျက်ရှိကြောင်း၊ ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးသည့် လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မည်သည့်အခါမှဆောင်ရွက်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။