နေပြည်တော် ဖေဖော်ဝါရီ ၁၃
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်အမျိုးအစားအလိုက် ထုတ်လုပ်မှုလုပ်ငန်းစာရင်းပြုစုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဓနုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဥက္ကဋ္ဌများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က MSME လုပ်ငန်းများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ရှိသည့် သီးနှံ၊ အသား၊ ငါးတို့ကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ထုတ်ကုန်များကို ထုတ်လုပ်နေရာမှ Branded အဆင့်ထိထုတ်လုပ်၍ ပြည်တွင်း/ပြည်ပဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ထုတ်ကုန်အမယ်များ သတ်မှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ထိုသို့ရွေးချယ်သတ်မှတ်သည့် လုပ်ငန်းများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ကုန်ကြမ်းများ အချိန်မီရရှိရန် လိုအပ်ကြောင်း၊ မြေပြင်တွင် အမှန်တကယ် အောင်မြင်နိုင်မည့် လက်တွေ့ကျသော လုပ်ငန်းများရှိပါက ဝိုင်းဝန်းအကြံပြုပေးစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြင့်ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သောမြေနေရာများ ရရှိရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မြေယာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးများကျင်းပ၍ သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် အမှုတွဲများတင်ပြလာပါက ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ချက်ချင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိပြီး အမှန်တကယ် အလုပ်လုပ်ကိုင်သော လုပ်ငန်းများကိုသာ ရွေးချယ်၍ ချေးငွေများ ထုတ်ချေးပေးပါက ထုတ်ကုန်များပိုမိုထွက်ရှိပြီး ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အောင်မြင်မှုရရှိနိုင်မည့် အဖြစ်နိုင်ဆုံးလုပ်ငန်းများကိုသာ ရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဝန်ကြီးဌာနအနေဖြင့် သစ်တောကဏ္ဍနှင့် သစ်တောထွက်ပစ္စည်းများ၊ အခြေခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုလုပ်ငန်းများကို သုံးနှစ်ရပ်ဆိုင်းထားပြီး ယခုအခါ တစ်နှစ်လျှင် တန် ၆၀၀၀ ကျော်သာ ပြန်လည်ထုတ်လုပ်လျက်ရှိသဖြင့် သစ်အခြေခံစက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ကုန်ကြမ်းများ လိုအပ်ချက်ရှိမည်ဖြစ်၍ စနစ်တကျ စဉ်းစားသုံးသပ်ဆောင်ရွက်စေလိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကူညီဖြည့်ဆည်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဒေသအတွင်းထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်းလုံလောက်မှုမှ ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ရေးတို့ကိုရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product– OROP) အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှုအရသက်ဆိုင်ရာ ဒေသအလိုက် OROP ထုတ်ကုန် အမယ်များရွေးချယ်၍ Action Planများ ရေးဆွဲဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဆွေးနွေးပြော ကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရေးအတွက် ရွေးချယ်သတ်မှတ်ထားမှုအခြေအနေ၊ ဒေသတွင်းရှိ MSME များ၏ လက်ရှိ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဆွေးနွေးတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးများက နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်