မြေပြန့်ဒေသမြို့တစ်မြို့ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့သည် စိုက်ပျိုးရေးလုပ်ငန်းသာမက မြို့၏အဓိကစားသောက်ကုန်များဖြစ်သော ပဲငါးပိ၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ မုန့်မျိုးစုံလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာသည့် မြို့ငယ်တစ်မြို့ဖြစ်ပါသည်။
ဒေသထုတ်ကုန်များအနက် ဒေသထွက်စားသောက်ကုန်တစ်မျိုးဖြစ်သည့် ချင်းပြားနှပ် လုပ်ငန်းလုပ်ကိုင်နေသူ ဒေါ်စိန်နှင့် တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ချင်းပြားလုပ်ငန်းစတင်လုပ်ကိုင်ခဲ့သည့် အချိန်ကာလ လေး သိပါရစေ။
ဖြေ။ ။ ချင်းပြားကို ၂၀၁၄ ခုနှစ်က စတင်စမ်းသပ်လုပ်ကိုင်ခဲ့ပါတယ်၊
မေး။ ။ ချင်းပြားနှပ်လုပ်ငန်း စတင်လုပ်ကိုင်ချိန်က ဘယ်လိုအခက်အခဲတွေ တွေ့ကြုံခဲ့တယ်ဆိုတာလေးလည်း သိပါရစေ။
ဖြေ။ ။ ချင်းပြားစတင်ထုတ်လုပ်ရောင်းချခဲ့စဉ်က လက်ဖက်ညွန့် နှပ်၊ လက်ဖက်ထောင်းနှပ်၊ ချင်း (ဂျင်း) ပေါက်၊ ခုနစ်ထွေကြော်၊ ပဲကြော်နဲ့တွဲဖက် ရောင်းချခဲ့တယ်၊ ချင်း(ဂျင်း)ပြားနှပ် တစ်ခုတည်း ပြုလုပ်ခဲ့တာမဟုတ်ဘဲနဲ့ တွဲဖက်လုပ်ကိုင်ခဲ့တယ်။ နောက်မှ စားသုံးသူတွေ သိလာပြီး ချင်း (ဂျင်း) ပြားနှပ်ဆိုပြီး နာမည်ထွက်လာတယ်။ ချင်း(ဂျင်း)ပြားရဖို့ ဓားနဲ့ပါးပါးလှီးခဲ့ရတယ်။ လက်ထိုးဆိုပါ တော့၊ ချင်း(ဂျင်း)ပြားထိုးတဲ့သူကလည်း ရှားတယ်။ ချင်း (ဂျင်း) ပေါက်ပဲ ထိုးကြတာဆိုတော့ ကိုယ်တိုင်ချင်း(ဂျင်း)ပြားထိုး (လက်လှီး) ခဲ့ရတယ်။ မိသားစုတစ်ပိုင်တစ်နိုင်အနေနဲ့ ချင်းပြားလက်ထိုး (လက်လှီး) ကို တစ်ရက်သုံးပိဿာလောက်ထိုးပြီး စမ်းရောင်းကြည့်ခဲ့ပါတယ်။ စမ်းရောင်းရင်းနဲ့ ၂၀၁၇ ခုနှစ်မှာ ချင်းပြားနှပ်လုပ်ငန်းက နာမည်စရလာခဲ့တယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မုံရွာ၊ မြစ်ကြီးနားမြို့များအထိ ဖြန့်ဖြူးပို့ဆောင်ရောင်းချနေရာယူနိုင်ခဲ့ပါတယ်။ ရောင်းအားတက်လာခဲ့သလို လုပ်ငန်းတွင်ကျယ်လာခဲ့တော့ လက်မှုလုပ်ငန်းမှ စက်မှုလုပ်ငန်းသို့ ၂၀၂၂ ခုနှစ်မှာ လုပ်သားငါးဦး ငှားရမ်းလုပ်ကိုင်ခဲ့တယ်။
မေး။ ။ ချင်းပြားနှပ် ဈေးကွက်မှာနာမည်ရလာပုံနဲ့ တိုးချဲ့လုပ်ကိုင်ခဲ့ပုံလေးကိုလည်း သိပါရစေ။
ဖြေ။ ။ ဈေးကွက်မှာ ရောင်းအားနည်းတော့ လူသိနည်းခဲ့သလို စားသုံးသူတွေကလည်း ချင်းပြားရဲ့အရသာကို သိသူလည်း နည်းနေကြသေးတယ်။ ပွဲလမ်းသဘင် အလှူပွဲမင်္ဂလာပွဲတွေမှာ လည်း အသုံးနည်းကြတယ်။ ဘယ်လိုနေရာတွေမှာ စားသုံးကြသလဲဆို ရပ်ဝေးရပ်နီးမှ မိတ်ဆွေအပေါင်းအသင်းတွေလာတဲ့အခါ အိမ်မှာ ဧည့်ဝတ်ကျေပွန်စေဖို့ ဧည့်ခံကျွေးမွေးတဲ့နေရာမှာ အသုံးများတယ်။ ရေဦးဒေသထွက်ကုန်အဖြစ် ဝယ်ယူ၍ လက်ဆောင်ပေးကြတယ်။ တချို့က ချင်းပြားနှပ်ဆိုတာကို မသိကြဘူး။ စားဖူးအောင်စားလိုက်သည့် အခါမှ အရသာရှိတာသိသွားပြီး အကြိုက်တွေ့လာတယ်။
မေး။ ။ ချင်းပြားနှပ် ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းတွေ ဘယ်လိုမှာယူခဲ့ရတယ်။ ချင်းတက်တစ်ပိဿာကို ဘယ်ဈေးနဲ့ဝယ်ခဲ့ရတယ်ဆိုတာလဲ ပြောပြပေးပါ။
ဖြေ။ ။ ချင်းပြားနှပ် ထုတ်လုပ်ဖို့ရာအတွက် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ချင်းတက်အစိမ်းကို မှာယူခဲ့ပါတယ်။ လုပ်ငန်းစတင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ချင်းတက်တစ်ပိဿာကို ငွေကျပ် ၃၅၀ နဲ့ဝယ်ရပါတယ်။
မေး။ ။ ချင်းပြားနှပ်ထုတ်လုပ်ပုံအဆင့်ဆင့်လေးကိုလည်း မျှဝေပေးပါလား။
ဖြေ။ ။ ချင်းပြားနှပ်ထုတ်လုပ်နိုင်ဖို့အတွက် ပထမဆုံး ချင်းတွေကို အိတ်ထဲမှ အပြင်ထုတ်ပြီး ချင်းတက်အကြီး၊ အလတ်၊ အသေးခွဲထုတ်ရတယ်။ ချင်းစိမ်းကို သဲ၊ ဖုန်၊ ရွှံ့ စတာတွေ ကုန်စင်သည်အထိ သန့်ရှင်းစင်ကြယ်စေရန် ရေအင်တုံထဲထည့် သုံးကြိမ်ထက်မနည်းရေအထပ်ထပ် ပွတ်သပ်ဆေးကြောပေးရတယ်။ သန့်ရှင်းပြီး ဖွေးလာသည့် ချင်းစိမ်းတွေကို ဆန်ခါနဲ့ ဆယ်ရေစစ်ထားပြီးမှ ချင်းပြားထုတ်စက်ထဲမှာ ထည့်လိုက်တယ်။ ထွက်လာတဲ့ ချင်းပြားတွေကို ရေတစ်ဖန် ထပ်ဆေးပေးရတယ်။ ရေကလည်း အဓိကကျပါတယ်။ ရေသန့်နဲ့ဆေးရင် ချင်း(ဂျင်း)ပြားက ဖွေးပြီးလှလာတယ်။ ချင်းပြားတစ်ပိဿာကို ရှာလကာရည်တစ်ပိဿာ ၂၅ ကျပ်သားနဲ့ ဆား၊ ဟင်းခပ်အချိုမှုန့် သင့်ရုံထည့်နယ်ပြီး စဉ့်အိုးတွင်း ရေမြုပ်သည်အထိ ထည့်ကာ လေလုံအောင်ဖုံးအုပ်နှပ်ထားလိုက်တယ်။ နှပ်ပြီး ၂၄ နာရီ ပြည့်လျှင် ချင်းပြားစားသုံးလို့ရပါပြီ။ တစ်ပတ်ခန့်နှပ်ထားရင်တော့ ချင်းပြားကပိုကောင်းတယ်။ ကြာရှည်အထားခံတယ်။ ချင်းပြားကို ရေခဲသေတ္တာထဲမှာ ထည့်ထားရင် အနည်းဆုံးတစ်လအများဆုံး ငါးလခန့်အထိကြာရှည်ခံထား စားသုံးလို့ရပါတယ်။ ဓာတုဆိုးဆေး ချွတ်ဆေးလုံးဝမသုံးပါဘူး။ ကြာရှည်အထားခံပြီး အရသာလည်းကောင်းမွန်တော့ လူကြိုက်များလာကြတယ်။
မေး။ ။ ချင်းပြားကို ဈေးကွက်မှာ လက်လီလက်ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတယ်ဆိုတော့ ပြည်တွင်း ဘယ်မြို့တွေထိ ဖြန့်နေတယ်။ ဖြန့်ဖြူးရောင်းချပေးတဲ့ ဈေးနှုန်းလေးတွေရယ် သိပါရစေ။
ဖြေ။ ။ ယခင် ၂၀၁၉ ကိုဗစ်ကာလမတိုင်မီက ရေဦးမြို့နယ်တွင်းသာမက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကချင်ပြည်နယ်မြို့တွေအထိ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိရာမှာ မန္တလေးမြို့က အများဆုံးဖြန့်ဖြူးပို့ဆောင်ရောင်းချတဲ့မြို့လည်း ဖြစ်ပါတယ်။ ရောင်းချနေတဲ့ဈေးနှုန်းကတော့ ကုန်ကြမ်းဝယ်ယူရရှိမှုအပေါ်မှာပဲ မူတည်တယ်။ ယခင်က ချင်းတက်တစ်ပိဿာ ငွေကျပ် ၃၅၀ နှုန်းပေး ဝယ်ယူခဲ့စဉ်က ချင်းပြားနှပ်တစ်ပိဿာ ငွေကျပ် ၂၀၀၀ နဲ့ ရောင်းပါတယ်။ အခုချင်းတက်အစိမ်း တစ်ပိဿာ ငွေကျပ် ၂၀၀၀ မှ ၃၀၀၀၊ ချင်းပြားနှပ် တစ်ပိဿာ ငွေကျပ် ၈၀၀၀ ဈေးဖြင့် ရောင်းချလျက်ရှိပါတယ်။ ချင်းတက်အစိမ်းတစ်ပိဿာကိုထိုး (လှီး)ရင် ချင်းပြားငါးဆယ်ကျပ်သားပဲ ထွက်ပါတယ်။ ယခင်က တစ်ရက်ဖြန့်ဖြူးရောင်းချနိုင်ခဲ့တဲ့ ချင်းပြားနှပ်ပိဿာချိန် တစ်ရာခန့် ရောင်းရပါတယ်။ အခုအချိန်မှာတော့ ကုန်ဈေးနှုန်းက အစစအရာရာကြီးမြင့်နေသလို လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲနေမှုကတစ်ကြောင်း၊ ဒေသအခြေအနေက မတည်ငြိမ်သေးတာကတစ်ကြောင်း၊ သွားလာဖို့အချိန်ကာလ မလုံလောက်တာတွေကြောင့် တစ်ရက်မှ ပိဿာချိန် ၅၀ ပဲဖြန့်ဖြူးရောင်းချနိုင်ပါတယ်။၊
မေး။ ။ ယခုလို ချင်းပြားနှပ်လုပ်ငန်းဖြင့် လူမှုစီးပွားတိုးတက်လာဖို့ ဘယ်လိုကြိုးစားလုပ်ကိုင်ရပ်တည်ခဲ့ရတယ်ဆိုတဲ့ ဘဝအတွေ့အကြုံရယ်၊ ဈေးကွက်မှာ နာမည်ရဖို့ ကြိုးစားအားထုတ်ခဲ့ရပုံနဲ့ အောင်မြင်မှုရရှိခဲ့ပုံလေးကိုလည်း အနည်းငယ်ပြောပြပေးပါ။
ဖြေ။ ။ ချင်းပြားနှပ်က ခုမှနာမည်ရလာတာပါ။ ဘဝရပ်တည်မှုကို ပြောရရင်တော့ လက်လုပ်လက်စားဘဝကနေ စတင်ခဲ့ရပါတယ်၊ မုန့်တီ၊ အစုံသုပ် ရောင်းတယ်။ ချင်းထိုးတယ်၊ ကုန်စုံဆိုင်မှာ အငှားဈေးရောင်း အလုပ်ဝင်လုပ်ခဲ့တယ်။ ရတဲ့လုပ်အားခတစ်ဝက်ကို ဆုပြီး ကျန်တစ်ဝက်ကို မိဘထံအပ်ခဲ့တယ်။ စုဆောင်းထားတဲ့ ငွေလေးနဲ့ မတည်လုပ်ကိုင်ရင်း အခုလိုအောင်မြင်ခဲ့တာပါ။ ဘယ်အရာမှ ကြိုးစားမှုမှတ်တမ်းမရှိဘဲ အောင်မြင်မှုပန်းတိုင်ဆီ မရောက်နိုင်ပါဘူး။ အဓိကကတော့ ဇွဲ၊ လုံ့လ၊ ဝီရိယရှိဖို့ရယ်၊ စားသုံးသူတွေအပေါ် စေတနာထားတတ်ဖို့ပါ။ စေတနာကောင်းလျှင် ကံကောင်းတယ်ပြောရမှာပါ။ အောင်မြင်ချင်လျှင် တကယ်ကြိုးစားပါ။ ။
တွေ့ဆုံမေးမြန်း - သန်းသန်း(ရေဦး)