ရန်ကုန် ဖေဖော်ဝါရီ ၉
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ်တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရွှေဘုံသာလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အိန္ဒိယစင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Shri Vinay Kumar၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များ၊ အိန္ဒိယ-မြန်မာကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ Mr. Rajeev Rawal နှင့် အသင်းဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ပသို့ စိုက်ပျိုးရေးထုတ်ကုန် များတင်ပို့ရေးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပဲ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ်များဖြစ်သည့် ပန်ဂျပ်နေရှင်နယ်လ်ဘဏ်၊ စီဘီဘဏ်နှင့် ယူအေဘီဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ အခမ်းအနားကို ဆီမီးထွန်းညှိ၍ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Shri Vinay Kumar က နှုတ်ခွန်းဆက်စကားပြောကြား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုတွင် ရူပီး၊ ကျပ်တိုက်ရိုက်ပေးချေမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နှစ်နိုင်ငံအကြား သံတမန်လမ်းကြောင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသံရုံးနှင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ဗဟိုဘဏ် (RBI) နှင့်လည်းကောင်း ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများ တွင်ပါဝင်ပြီး မြန်မာနိုင်ငံမှ စတုတ္ထမြောက်ပို့ကုန် အများဆုံးတင်ပို့သည့်နိုင်ငံနှင့် ဆဋ္ဌမမြောက်သွင်းကုန်အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ကြောင်း၊ အာရှဗဟိုဘဏ်များ စာရင်းရှင်းလင်းရေးအဖွဲ့(အေစီယူ) အဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးပြုလုပ်ပါကြောင်း၊ “အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA) ကိုအသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline)” အား ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ပေးချေမှုများ စတင်နိုင်ပြီဖြစ်ကြောင်း၊ အကျိုးကျေးဇူးအနေဖြင့် ငွေပေးချေမှုများ အားကောင်းလာပြီး တိုင်းပြည်စီးပွားရေးကို အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း၊ ကုန်သည်ကြီးများအနေဖြင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရူပီးဖြင့် လိုင်စင်လျှောက်ထားပြီး ဘဏ်လမ်းကြောင်းမှတစ်ဆင့် တရားဝင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌတို့က အမှတ်တရ ဂုဏ်ပြုစကားပြောကြားကြပြီး ရူပီး၊ ကျပ်ပေးချေမှုအတွက် ဆောင်ရွက်ခွင့်ပြုထားသည့် ဘဏ်များဖြစ်သည့် ပန်ဂျပ်နေရှင်နယ်လ်ဘဏ်၊ စီဘီဘဏ်နှင့် ယူအေဘီဘဏ်တို့က Rupee/ Kyat Trade Settlement Mechanism ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဖြေကြားကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌထံ အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ကာ အိန္ဒိယ-မြန်မာကုန်သည်များအသင်း၏ ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြား၍ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်