Skip to main content

မန္တလေးတိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

မန္တလေး ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရမည်းသင်းမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၆၈ ခုမှ ပြည်သူ ၂၆၀၊ ပျော်ဘွယ်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၈၄ ခုမှ ပြည်သူ ၂၆၈ ဦး စုစုပေါင်း ၅၂၈ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။

တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေးကြသည်။ စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များကိုလည်း ပေးကြသည်။ မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်းရှိ မြို့နယ် ၁၈ မြို့နယ်တွင် ဇန်နဝါရီ ၁၅ ရက်မှ ၃၀ ရက်အထိ မဲဆန္ဒရှင်စုစုပေါင်း ၁၂၂၆၀ က အီလက်ထရောနစ်မဲပေးစက်ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်