Skip to main content

ကန်ကြီးထောင့်မြို့နယ်တွင် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းတင်သည့် ကုန်တင်ယာဉ်များကို စစ်ဆေး၍ ငွေတောင်းနေကြောင်း မဟုတ်မမှန်သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီလ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ဇန်နဝါရီလ၂၈ ရက်နေ့မှစ၍ မြို့တွင်းသို့ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် အစားအသောက်၊ အဝတ်အထည်များ တင်ဆောင်သည့် ကုန်တင်ယာဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တားဆီးစစ်ဆေးပြီး ကုန်တင်ယာဉ်တစ်စီးလျှင် ငါးသောင်းကျပ်မှ ရှစ်သောင်းကျပ်အထိ ငွေပေးမှသာ မြို့တွင်းသို့ ဝင်ခွင့်ပြုသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံများ၏ သတင်းပေးပို့မှုနှင့် ဧရာဝတီတိုင်းဒေသကြီးမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကန်ကြီးထောင့်မြို့နယ်တွင် စစ်ဆေးရေးဂိတ်မရှိကြောင်း၊ မြို့ဝင်ထွက်လမ်းဆုံများတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာ ပူးပေါင်းစစ်ဆေးခြင်းများ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ထိုသို့စစ်ဆေးရာတွင်လည်း ငွေကြေးကောက်ခံမှုများမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။