နေပြည်တော် ဇန်နဝါရီ ၂၉
မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့ပြင် မွန်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်တံဆိပ်နှင့် တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်း ခံရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တစ်ဆင့်မြင့်ရာထူး တပ်ဆင်ပေး၍ ဂုဏ်ထူးဆောင်တံဆိပ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်