နေပြည်တော် ဇန်နဝါရီ ၂၉
သိပ္ပံနှင့်နှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၁၁၃ ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ခုနစ်ဦး စုစုပေါင်း ၁၂၀ တို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်-တပ်ကုန်း မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် စိန်ရတုပြတိုက်တို့ကို ကြည့်ရှုလေ့လာကြသည်။
ရှေးဦးစွာ ပင်မအဆောက်အအုံရှိ Auditorium ခန်းမတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက ‘‘MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ‘‘နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏ အခန်းကဏ္ဍ” Video Clip ကိုပြသသည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က နှုတ်ခွန်းဆက် ပြောကြားပြီး မြန်မာ့ရုပ်မြင်သံကြားမှ ခေတ်ပေါ်တီးဝိုင်း၏ တီးခတ်မှုနှင့်အတူ ဝန်ထမ်းအဆိုရှင်များကလည်းကောင်း၊ လေ့လာရေးအဖွဲ့မှ ဆရာတစ်ဦးနှင့် ကျောင်းသား ကျောင်းသူ လေးဦးတို့ကလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းအဆိုရှင်များနှင့် လေ့လာရေးအဖွဲ့တို့ပူးပေါင်း၍ ‘‘တောင်ယာဝင်ချိန်နှင့် မနောမြေမှတေးသံသာ” တေးသီချင်းများဖြင့် စုပေါင်း၍လည်းကောင်း သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ News Channel Studio နှင့် Farmers’ Channel Studio တို့တွင် သတင်းရိုက်ကူး ထုတ်လွှင့်နေမှုတို့ကို ကြည့်ရှုလေ့လာကြ ပြီးနောက်လေ့လာရေးအဖွဲ့အား Office Canteen တွင် လက်ဖက်ရည်နှင့်မုန့်များဖြင့် တည်ခင်းဧည့်ခံသည်။
ဆက်လက်၍ လေ့လာရေးအဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း၌ ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက် ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့်စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်း ပြသထားရှိမှုများကို ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊ လေ့လာရေးအဖွဲ့များ၏ မှတ်သားဖွယ်ရာအဖြေလွှာများ၌ ဖြည့်စွက်မှုများအပေါ် စိစစ်၍ အမှတ်တရပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အဆိုပါ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများသည် စိန်ရတုပြတိုက်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ပြန်လည်ထွက်ခွာသွားကြသည်။
သတင်းစဉ်