နေပြည်တော် ဇန်နဝါရီ ၂၉
တပ်မတော်တွင် ပဉ္စမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုတတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာဦးဉာဏ်ထွန်းနှင့်ဇနီးဖြစ်သူ အသည်းအလှူရှင် ဒေါ်စန္ဒာအောင်တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲအချိန်တွင်စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၄ နာရီအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့်ကြာမြင့်ခဲ့ပါသည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယခင်ရက်များတွင် ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော အသည်းအလှူရှင် ၂ ဦးနှင့် အသည်းလက်ခံလူနာ ၂ ဦးတို့၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။