Skip to main content

ရွာဓလေ့ အလှူအတန်းများမှသည် ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးလာနိုင်သည့် “ရွှေယောက်ဖ” ရိုးရာကပျာကယာမုန့်လုပ်ငန်း

နေ့စဉ်လူမှုဘဝတွင် စားသောက်ဖွယ်ရာမုန့်အမျိုးမျိုးတို့ကို စားသုံးလျက်ရှိရာ လက်ရှိအချိန်တွင် ပြည်ပမှအစားအသောက်နှင့် မုန့်မျိုးစုံတို့မှာ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လျက်ရှိသည်။ မြန်မာတို့တွင် မြန်မာ့ရိုးရာမုန့်အမျိုးအစားစုံလင်စွာ ရှိပေသည်။ မြန်မာ့ရိုးရာမုန့်အများစုမှာ ဒေသထွက် သဘာဝကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းကြောင့် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝကာ ကျန်းမာရေးအထောက် အကူဖြစ်စေပါသည်။ ၎င်းအပြင် ‌ရိုးရာမုန့်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခြင်းသည် ပြည်ပသွင်းကုန်လျှော့ချစေနိုင်ရုံသာမက ဒေသတွင်းသဘာဝကုန်ကြမ်းပစ္စည်းများ ဈေးကွက်ရရှိခြင်းနှင့် အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ဖန်တီးပေးရာရောက်ပေသည်။

မွန်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့က အလားအလာကောင်းသည့် ဒေသထွက် ကုန်ကြမ်းများထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ်အားပေးလျက်ရှိပြီး တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့် ထုတ်ကုန်များအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက် ရေးတို့ကိုလည်း ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်တစ်ဝန်း၌ မြန်မာ့ရိုးရာအစားအစာလုပ်ငန်းများ ပြန်လည်တွင်ကျယ်လာသည်ကိုလည်း မြင်တွေ့ရပေသည်။

အဆိုပါလုပ်‌ငန်းများအနက် သထုံမြို့နယ် နောင်ကုလားကျေးရွာ၌ရှိသည့် “ရွှေယောက်ဖ ရိုးရာကပျာကယာမုန့်လုပ်ငန်းမှာ သဘာဝကုန်ကြမ်းပစ္စည်းစစ်စစ်များကို အဓိကအသုံးပြု ထုတ်လုပ်ထားခြင်းကြောင့် ဈေးကွက်ဝင်ပြီး လူကြိုက်များသည့် ထုတ်ကုန်တစ်ခုလည်းဖြစ်ရာ လုပ်ငန်းရှင် မသူဇာဝင်းနှင့် သွားရောက်တွေ့ဆုံ မေးမြန်းမှုများကို ပြန်လည်မျှဝေလိုက်ပါသည်-

မေး။   ။ ရိုးရာကပျာကယာမုန့်ကို လုပ်ဖြစ်တဲ့ အကြောင်းအရာလေး သိပါရစေ။

ဖြေ။    ။ ကျွန်မက ရွာမှာ “ရွှေယောက်ဖ ဆိုတဲ့ နာမည်နဲ့ ရိုးရာကပျာကယာမုန့်နဲ့  မွေးနေ့ကိတ်ဆိုင်လေးဖွင့်ထားတာပါ။ ဆိုင်ကတော့ သုံးနှစ်လောက်ရှိပြီ။ ရွာမှာက အလှူလုပ်တဲ့ အခါတွေမှာ ဒီကပျာကယာမုန့်က မပါမဖြစ်ရွာရဲ့ ဓလေ့လိုဖြစ်နေတယ်။ ကိုယ့်ရွာရဲ့ ရိုးရာဆိုလည်းမှန်တယ်။ ဒါကြောင့် ကျွန်မဆိုင်လေးဖွင့်တဲ့အခါမှာ ဒီမုန့်ကို ထုတ်ကုန်တစ်ခုအနေနဲ့ ဆက်ပြီးလုပ်ဖြစ်တာပါ။

မေး။   ။ အခုလို ရိုးရာမုန့်ကို ကိုယ်ပိုင်တံဆိပ် တစ်ခုနဲ့ ဈေးကွက်ထိုးဖောက်နိုင်တဲ့အပေါ်မှာ ဘယ်လိုခံစားမိပါသလဲ။ နောက်ပြီး ဒီမုန့်က ဘယ်ကာလတွေမှာ ရောင်းအားအကောင်းဆုံး လဲဆိုတာကို ပြောပြပေးပါဦး။

ဖြေ။    ။ ကိုယ့်နယ်ကမုန့်ကို ကိုယ်တိုင်လုပ်ပြီး အခြားနယ်တွေကိုလည်း ဖြန့်နိုင်တာဆိုတော့ ကျေနပ်မိပါတယ်။ ဒီမုန့်က အဘိုးအဘွားတွေလက်ထက်ကစပြီး လုပ်လာခဲ့ကြတာပါ။ ကျွန်မကတော့ အမေ့ဆီက ပြန်ပြီးသင်ယူလက်ဆင့် ကမ်းခဲ့တာပါ။ အမေတို့က ရွာဓလေ့အလှူပွဲတိုင်းမှာ ဒီမုန့်ကို တာဝန်ယူလုပ်ကိုင်ပေးတဲ့ အမျိုးသမီးအဖွဲ့ အနေနဲ့လုပ်ကိုင်ပါတယ်။ ဒီမုန့်က ဒီနယ်တစ်ကြောမှာပဲလုပ်ကြတယ်။ အရောင်းရဆုံးကာလတွေက တော့ အလှူအတန်းတွေ ပေါများတဲ့တန်ခူးလ၊ သီတင်းကျွတ်ကာလ ပွင့်လင်းရာသီတွေဖြစ်ပါတယ်။

မေး။   ။ စားသုံးသူတွေ အန္တရာယ်ကင်းရှင်းအောင် မုန့်မှာပါဝင်တဲ့ပစ္စည်းတွေနဲ့ ဘယ်လိုစီမံထားတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ။    ။ ဒီမုန့်က စားသုံးသူတွေကို အန္တရာယ်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေ လုံးဝမသုံးထားပါဘူး။ သဘာဝပစ္စည်းတွေဖြစ်တဲ့ ဂျုံ၊ ကြက်ဥ၊ နို့ဆီ၊ သကြား၊ အုန်းနို့ ဒါတွေကိုပဲ အဓိကသုံးထားပါတယ်။ ရွာမှာကတော့ အချို့ကကြက်ဥနေရာမှာ ဘဲဥကိုသုံးတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ် ထည့်သုံးကြတယ်။ ဒီမှာကတော့ ဒီမုန့်ကို လက်ဆောင်ပစ္စည်းအနေနဲ့ရယ်၊ အလှူအတန်းတွေအတွက်ရယ် ဝယ်ကြတာများတယ်။ ဒီမုန့်က လူကြိုက်များပါတယ်။ ကျွန်မတို့ကလုပ်ငန်းအသေး တစ်နိုင်တစ်ပိုင်လောက်ပဲဆိုတော့ သိပ်မဖြန့်နိုင်ဘူး၊ လုပ်ငန်းကို တိုးချဲ့ဖို့တော့ စဉ်းစားထားပါတယ်။

မေး။   ။ ဒီလုပ်ငန်းထူထောင်တဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။    ။ ကျွန်မ ဒီလုပ်ငန်းကို စလုပ်တဲ့အချိန်မှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ရွာဓလေ့ရိုးရာမုန့်ဆိုတော့လေ ရွာကတော့သိတာပေါ့၊ ပြင်ပကတော့ မသိကြသေးတော့ သိပ်မရောင်းရ ဘူး။ ဈေးကွက်က ရွာလောက်နဲ့ပဲ အဆင်မပြေဘူး။ အများကြီးထိုးဖောက်ရတယ်။ အခုကျတော့ လူသိများလာပြီး အမှာလည်း များလာတယ်၊ နေ့စဉ်လိုလို ဒီမုန့်ကိုလုပ်ရတယ်။

မေး။   ။ဒီလုပ်ငန်းကို တရားဝင်မှတ်ပုံတင်ပြီးပြီလို့လည်း သိထားပါတယ်။ အခုလို တရားဝင်လုပ်ကိုင်တဲ့အတွက် ဘယ်လိုအကျိုး ကျေးဇူးရှိတယ်ဆိုတာကိုလည်း မျှဝေပေးပါ။

ဖြေ။    ။ ကျွန်မ ဒီလုပ်ငန်းကို လုပ်ရင်းနဲ့ပဲ တဖြည်းဖြည်းလုပ်ငန်းက အထိုက်အလျောက် တွင်ကျယ်လာတဲ့အခါမှာ မှတ်ပုံတင် လုပ်ဖို့ စဉ်းစားရပါတယ်။ ဒါကြောင့် သထုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ မှတ်ပုံတင်လျှောက်တဲ့အခါမှာ ခရိုင်ဦးစီးမှူးနဲ့ ဝန်ထမ်းအားလုံးက အစစအရာရာလွယ်ကူအဆင် ပြေအောင် ကူညီပေးခဲ့ကြပါတယ်။ ကျွန်မကရွာမှာ နေတဲ့သူဆိုတော့ ရုံးဌာနကို သွားပြီးလုပ်ဖို့ စိုးရိမ်ခဲ့တယ်။ တကယ်တမ်းသွားလုပ်တဲ့အခါကျတော့ ဖော်ဖော်ရွေရွေနဲ့ အကူအညီတွေပေးကြပါတယ်။ ဒီလိုမှတ်ပုံတင်လိုက်တော့ လုပ်ငန်းကတရားဝင် လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ပြီဖြစ်သလို လိုအပ်တဲ့အကူအညီတွေလည်း အများကြီးရလာတယ်။ အဓိကကတော့ ကျွန်မရဲ့စားသုံးသူတွေ အန္တရာယ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်ဆိုတဲ့ အာမခံချက်ပေးနိုင်သွားပါတယ်။

မေး။   ။ “ရွှေယောက်ဖ တံဆိပ်နဲ့ ရိုးရာကပျာ ကယာမုန့်ကလက်ရှိအချိန်မှာတော့ အထိုက်အလျောက် နာမည်လေးရပြီး လူကြိုက်များလာပြီဆိုတော့ အလားတူ ဒီလိုလုပ်ငန်းလုပ်လိုသူတွေအတွက် ဘယ်လိုတိုက်တွန်းအားပေးစကားတွေ မျှဝေပေးချင်ပါသလဲ။

ဖြေ။    ။ အဓိကက လုပ်ချင်စိတ်ရှိဖို့ပဲ လိုတယ်။ လုပ်ချင်တယ်ဆိုရင် ပထမဆုံးကကျွမ်းကျင်မှုရှိဖို့ သေသေချာချာလေ့လာ‌စေချင်တယ်။ ဒီနေ့ခေတ်က လေ့လာစရာတွေများပါတယ်။ ကျွန်မဆီလာပြီးတော့လည်း အချိန်မရွေးလေ့လာနိုင်ပါတယ်။ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် အရှုံးနဲ့အမြတ်ဆိုတာရှိပါတယ်။ အမှန်တကယ် လုပ်လိုသူတွေကို အားပေးပါတယ်။ ရိုးရာမုန့်တွေကို များများလုပ်နိုင်ပြီး ဈေးကွက်ထိုးဖောက်နိုင်လေ ပြည်ပကနေ နည်းလမ်းပေါင်းစုံနဲ့ဝင်လာတဲ့ စားသုံးဖို့ သင့်/မသင့် မသိတဲ့ မုန့်မျိုးစုံတွေအသုံးပြုတာနည်းလာလေပါပဲ။ တစ်ဖက်ကကြည့်ရင်လည်း ပြည်ပကသွင်းကုန်ကို လျှော့ချနိုင်ပါတယ်။ ဒါကြောင့် ကျွန်မကတော့ အန္တရာယ်ကင်းပြီး အာဟာရလည်းဖြစ်တဲ့ ရိုးရာမုန့် တွေ ထုတ်လုပ်ဖြန့်ဖြူးချင်သူတွေကို အားပေးသလို ကူညီဖို့လည်း အသင့်ရှိပါတယ်။

ရိုးရာကပျာကယာမုန့်ကို “ရွှေယောက်ဖ အမည်ဖြင့် တစ်နိုင်တစ်ပိုင်အသေးစားလုပ်ငန်းအဖြစ် စနစ်တကျလုပ်ကိုင်ခဲ့သည်မှာ လုပ်ငန်းစတင်ခဲ့သည့်ကာလမှ ယနေ့အချိန်အထိ သုံးနှစ်တာကာလခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ စတင်လုပ်ကိုင်ခဲ့ချိန်က အခက်အခဲ၊ စိန်ခေါ်မှုမျိုးစုံနှင့်အတူ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့သော်လည်း မလျှော့သောဇွဲဖြင့် ရင်ဆိုင်ကျော်ဖြတ်ကာ လက်ရှိအချိန်၌ အထိုက် အလျောက်သောအောင်မြင်မှုဖြင့် ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပြီဖြစ်သည်။

ဘိုးဘွားများထံမှ လက်ဆင့်ကမ်းလာခဲ့သည့် ရိုးရာမုန့်ကို လူအများပိုမိုသိရှိခြင်းဖြင့် အန္တရာယ်ကင်းအာဟာရပြည့်သည့် အစားအသောက်ကို စားသုံးနိုင်ကာ ပြည်ပသွင်းကုန်အစားထိုး ရိုးရာမုန့် များထုတ်လုပ်ဖြန့်ဖြူးလာကြရေး ရည်ရွယ်ချက်ကောင်းဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှ ထိုက်တန်သည့်အကျိုးအမြတ်များရရှိနေပြီဖြစ်ကြောင်း သိရသည်။    ။

တွေ့ဆုံမေးမြန်း- လှလှဌေး-သထုံခရိုင် (ပြန်/ဆက်) ၊ ဓာတ်ပုံ-နဒီ(ပြန်/ဆက်)