ရန်ကုန် ဇန်နဝါရီ ၂၈
ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလ ရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော်သံဃာ တော်များ စဉ်ဆက်မပြတ်ပေါ်ပေါက်စေရန် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင် ကျင်းပပူဇော်ခြင်း အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သည့် (၁၀၅) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် သံဃာတော်၁၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်း သဘင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင် မြောက်ဘက်ရှိချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ နံနက် ၇ နာရီတွင် စာအောင်သံဃာတော်များနှင့် ဆွေတော်မျိုးတော်များ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ကြသည်။
ဆက်လက်၍ (၁၀၅) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာအောင် ဆုနှင်းသဘင်အခမ်းအနားကို နံနက် ၈ နာရီတွင် ချမ်းသာကြီးတန်ဆောင်း ၌ကျင်းပရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုပူဇော် ကြသည်။
ထို့နောက် အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါ စရိယ၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းက စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပရခြင်းနှင့် သာသနာရေးဆိုင်ရာများကို သြဝါဒါစရိယဆရာတော် ကြီများထံ တင်ပြလျှောက်ထားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တို့က (၁၀၅) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲတွင် အောင်မြင်တော်မူခဲ့သည့် သီးခြားစာချတန်းအောင် သံဃာတော်လေးပါးနှင့် သီးခြားစာသင်တန်းအောင် သံဃာတော်ရှစ်ပါးတို့အား ဘွဲ့တံဆိပ်အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာ တော်များနှင့် စာအောင်သံဃာတော်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ၊ တိပိဋကသြဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ စေတိယင်္ဂဏနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ စေတိယင်္ဂဏပ၀ရသိရီမဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
ယင်းနောက် သြဝါဒါစရိယဆရာတော်များ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအားတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်