Skip to main content

“စိုက်ပျိုးပညာပေးရေးလက်စွဲစာအုပ် ပြင်ဆင်ဖြည့်စွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ”ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ “စိုက်ပျိုးပညာပေးရေးလက်စွဲစာအုပ် ပြင်ဆင်ဖြည့်စွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို ဇန်နဝါရီ ၂၅ ရက် က နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုး ရေးသင်တန်းကျောင်း (AERDTC) ၌ကျင်းပရာ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက စိုက်ပျိုးပညာပေးရေးလုပ်ငန်းကို မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဌာန စတင်တည်ထောင်သည့် ၁၉၀၁ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည့် စိုက်ပျိုးပညာပေး နည်းလမ်းများအနေဖြင့် ၁၉၇၄ ခုနှစ်တွင် Training and Visiting System သင်တန်းပို့ချခြင်းနှင့် လယ်သမားများထံ ကိုယ်တိုင်သွားရောက်ပညာပေးခြင်း၊ ၁၉၇၅ ခုနှစ်တွင် တစ်မြို့နယ်လုံး အထူးအထွက်တိုးစီမံကိန်းများ ဆောင်ရွက်ခြင်း၊ ၁၉၉၉-၂၀၀၀ ပြည့်နှစ်တွင် စပါးအထူးအထွက်တိုးဇုန်များကို မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ ဆောင်ရွက်ခြင်း၊ ၂၀၁၀-၂၀၁၅ ခုနှစ်အတွင်း၌ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် (၁၄) ချက်ဖြင့် စပါးအထူးအထွက် တိုးရေးဆောင်ရွက်ခြင်းတို့ကို တောင်သူလယ်သမားများ လိုက်နာကျင့်သုံးကြစေရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း။

စိုက်ပျိုးပညာပေးဝန်ထမ်းများအတွက် စိုက်ပျိုးပညာပေးရေး လက်စွဲစာအုပ်ထွက်ပေါ်လာစေရန် မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းမှမြန်မာနိုင်ငံ စိုက်ပျိုးပညာပေးရေးလက်စွဲစာအုပ်ကို ရေးသားထုတ်ဝေနိုင်ရန် ကိုရီးယားနိုင်ငံ Korea Institute of Rural Development (KIRD) မှ ပညာရှင်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံစိုက်ပျိုးပညာပေးရေး ပညာရှင်များက ရေးသားပြုစုထားခြင်းဖြစ်ကြောင်း။

စိုက်ပျိုးရေး သုတေသနနှင့် စိုက်ပျိုးပညာပေးရေးတို့အကြား ခိုင်မာသော ချိတ်ဆက်ဆောင်ရွက်မှုဖြစ်ပေါ်စေရန် “စိုက်ပျိုးသုတေ သနနှင့် စိုက်ပျိုးပညာပေးရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေးကော်မတီ ၏ လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဦးစီးဌာနများနှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပညာရှင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန်မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မြန်မာ့စိုက်ပျိုးပညာပေးရေး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံစိုက်ပျိုးပညာပေးရေး လက်စွဲစာအုပ်ရေးသားထုတ်ဝေနိုင်ရန် ဆောင်ရွက်ခဲ့မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စိုက်ပျိုးပညာပေးရေးလက်စွဲစာအုပ် ပြင်ဆင်ဖြည့်စွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာ သက်ဆိုင်ရာပညာရှင်များက အကြောင်းအရာတစ်ခုချင်းအပေါ် ဆွေးနွေးတင်ပြခြင်း၊ စကားဝိုင်းအလိုက် ဆွေးနွေးအကြံပြု တင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်