နေပြည်တော် ဇန်နဝါရီ ၂၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဂုံမင်းအင်းကျေးရွာအနီး ငလိုက်လက်ယာမြောင်း ဆည်ရေသောက်စနစ် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေးမြောင်းကို RD-ပေ ၈၀၀ မှ ၂၆၀၀ အတွင်း အုတ်မြောင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေးမြောင်းမှ နွေစပါးစိုက်ပျိုးနိုင်ရေး စီစဉ်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ငလိုက်လက်ယာမြောင်း ဆည်ရေသောက်စနစ် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေးမြောင်းကို အုတ်မြောင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက် ပေးခြင်းဖြင့် ရေပေးမြောင်း၏ မူလဒီဇိုင်းရေထုစီးနှုန်း ပြည့်မီစွာဖြင့် ဆည်ရေသောက် ဧရိယာဧက ၂၂၀ ကို ရေလေလွင့်ဆုံးရှုံးမှုမရှိစေဘဲ အဖျားပိုင်းရှိ လယ်မြေများအထိ စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဂုံမင်းအင်းကျေးရွာအနီးတွင် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စုအနီး ကွင်းအမှတ် ၁၆၅၉ ၊ ဦးပိုင်အမှတ် ၄၀ ၊ တောင်သူဦးကျော်မြင့်ဦး၏ စိုက်ဧက ၁ ဒသမ ၃၀ တွင် နေကြာသီးနှံမျိုးများဖြစ်သည့် Russia Nozma၊ Russia Bravo ၊ China S 606 နှင့် ရေဆင်းစပ်မျိုး (၁) နေကြာ စသည့်နေကြာသီးနှံ မျိုးယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက နေကြာသီးနှံမျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးနေမှု အခြေအနေများနှင့် ဝတ်မှုန်ကူးယှက်မှုကောင်းအောင် ပျားအိမ်များချထားမှုကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခေတ်မီနည်းစနစ်များ၊ နည်းပညာများဖြန့်ဝေခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူများအနေဖြင့် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စု ကွင်းအမှတ် ၁၆၇၂၊ နယူးဧရာကုမ္ပဏီပိုင် ၈၅ ဧက စိုက်ခင်းတွင်အင်ဂျင်သုံး လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးနေခြင်းသရုပ်ပြသမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ကံလှကျေးရွာအတွင်းရှိ ဦးဌေးထက်၏ မြရတနာဆန်စက်လည်ပတ်နေမှုနှင့် စပါးအခြောက်ခံလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍနှင့် ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းများရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်နည်းစနစ်မှန်ကန်ရန်လည်း လိုအပ်ပါကြောင်း၊ ထို့အပြင် Export Quality အဆင့်မီသည့် ထုတ်ကုန်များ တိုးတက်ထွက်ရှိအောင် ကြိုးစားထုတ်လုပ်ကြရန် လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့မိ/မြို့ဖများက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်