နေပြည်တော် ဇန်နဝါရီ ၂၇
ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြပြီး ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။
ဆက်လက်၍ ဘုရားဖူးလာအဖွဲ့များသည် ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဘုရားဖူးလာအဖွဲ့များသည် မာရဝိဇယရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော်ကြီးအား အစိတ်အပိုင်းလေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းတင်ဓာတ်ပုံများနှင့် အခြားလေ့လာသင့်သည်များကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း အံ့မခန်းဗိသုကာ လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဦးများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြသည်။
အလားတူ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြကြောင်း သိရသည်။
သတင်းစဉ်