Skip to main content

(၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ တတိယ‌နေ့ သုတေသနစာတမ်းဖတ်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၇

ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို ပညာ‌ရေးဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy ၌ ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက် အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် သတ်မှတ်ထားသည့် အခန်းများ၌ သုတေသနစာတမ်းရှင်များက ဝိဇ္ဇာနှင့်သိပ္ပံသုတေသနစာတမ်းများကို ဖတ်ကြားကြပြီးတက္ကသိုလ် အသီးသီးက သုတေသနပိုစတာများနှင့်ပြကွက်များကို ခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါ သုတေသနစာတမ်းဖတ်ကြားနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပလျက်ရှိသည့် ဝိဇ္ဇာနှင့်သိပ္ပံသုတေသန ညီလာခံတွင် ပညာရေးဝန်ကြီးဌာနရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် အခြားဝန်ကြီးဌာန ခြောက်ခုမှ ပညာရေးဝန်ကြီးဌာနတွင် ပါရဂူကျမ်း လာရောက်ပြုစုနေသူ သုတေသီများက ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာသုတေသန စာတမ်းခုနစ်စောင်၊ ဘာသာစကား သုတေသနစာတမ်း တစ်စောင်၊ ဓာတုဗေဒသုတေသနစာတမ်း ငါးစောင်၊ ရူပဗေဒသုတေသန စာတမ်းငါးစောင်၊ သင်္ချာသုတေသန စာတမ်းလေးစောင်၊ ကွန်ပျူတာသိပ္ပံသုတေသနစာတမ်း သုံးစောင်၊ အဏ္ဏဝါသိပ္ပံသုတေသန စာတမ်းသုံးစောင်၊ သဘာဝပတ်ဝန်းကျင် သုတေသနစာတမ်း သုံးစောင်၊ ရှေးဟောင်းသုတေသနစာတမ်း လေးစောင်၊ မနုဿဗေဒသုတေသန စာတမ်းသုံးစောင်၊ နိုင်ငံတကာ သုတေသနစာတမ်း ငါးစောင်၊ အရှေ့တိုင်း သုတေသနစာတမ်း သုံးစောင်၊ ကုန်ထုတ်ဓာတု သုတေသနစာတမ်း လေးစောင်၊ ခရီးသွားသုတေသနစာတမ်း သုံးစောင်၊ စာကြည့်သုတ သုတေသနစာတမ်း နှစ်စောင်၊ သမိုင်းသုတေသနစာတမ်း ခုနစ်စောင်တို့ကို စာတမ်းရှင်က ဖတ်ကြားခဲ့ကြပြီး ယနေ့တွင် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနစာတမ်း စုစုပေါင်း ၆၁ စောင် ဖတ်ကြားဆွေးနွေးကြရာ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြ သည်။

သတင်းစဉ်