Skip to main content

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တို့ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်‌ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၅ 

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စုရှိ တောင်ခမောက်ကျေးရွာနှင့် မအူကွင်းကျေးရွာတို့ကို ပြည်သူ့စစ်ဖွဲ့ရန် ငြင်းပယ်မှု၊ တပ်သားသစ်စု ဆောင်းမပေးမှုတို့ကြောင့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၄ ရက်နေ့က ပေါင်းတည်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ၎င်းကျေးရွာများကို PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပြီး ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် သတင်းမှားများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ပါသည်။

ထို့အတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအား ယနေ့နံနက်ပိုင်းတွင် တပ်မတော်မှ မီးရှို့ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်  စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် AA သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး AA သောင်းကျန်းသူအဖွဲ့များက ကျေးရွာရှိ လူနေအိမ်များအား မီးရှို့၍ ထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေးအဖွဲ့များမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သော်လည်း လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

လက်နက်ကိုင်သောင်းကျန်းသူများသည်မြို့၊ ရွာများရှိ လူနေအိမ်အဆောက်အဦများကို အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဖျက်ဆီးနေမှုများကို ဖုံးကွယ်ရန်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားကာ သွေးထိုးလှုံ့ဆော်လျက်ရှိကြောင်း  သတင်းရရှိပါသည်။