နေပြည်တော် ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၃ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ မြနန္ဒာကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ သံဃာတော် ၈၃ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၇၇ ပါးနှင့် ဒေသခံပြည်သူငါးဦးတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်း၊ ဆီးချို/ သွေးချိုစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်