ရန်ကုန် ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ မင်္ဂလာကန်တော် စိမ်းလန်းစိုပြည် ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့သွားရောက်၍ တက္ကသိုလ်ဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်အဝင် အဓိပတိ(၁)လမ်းနှင့် အဓိပတိ(၂)လမ်းအကြား ရေကန်ကို ပြန်လည်ပြုပြင်ရန်၊ ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး ပန်းအလှပင်များစိုက်ပျိုး ရန်နှင့် တက္ကသိုလ်အားကစားကွင်း ပြေးလမ်းပေါ်ရှိ မြက်များရှင်းလင်းပြီး စက်ယန္တရားများဖြင့် မြေညှိပြုပြင်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ဝင်းအတွင်း ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ သန့်ရှင်းလတ်ဆတ်သော အစားအစာများ စားသုံး နိုင်စေရန်နှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူအားပေးနိုင်ရန် ရွေ့လျားစျေးကား (Mobile Market) စနစ် ဖြင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ စားအုန်းဆီနှင့် ကြက်ဥများ စျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (၇) ရပ်ကွက် ရန်ကုန်-ညောင်တုန်းလမ်းနှင့် ရန်ကုန် - ပုသိမ်လမ်းဆုံရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ ဘုရင့်နောင်ပန်းခြံသို့သွားရောက်၍ ပန်းခြံဧရိယာအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် မြေယာရှုခင်းပြုပြင်ဆောင်ရွက်နေမှု၊ ပန်းခြံတိုးချဲ့နိုင်ရန်အတွက် ပန်းခြံနှင့်ဆက်စပ်နေသည့် ကုက္ကိုဝရေပေးဝေရေးစီမံကိန်း၊ ဇုန်အမှတ်(၉) မြေနေရာအတွင်း မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းပြီး မြေညှိပြုပြင်ဆောင်ရွက် ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက် ဆောင်ရွက်ရန်လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ (၄) ရပ်ကွက်၊ ဘုရင့်နောင်တံတားအောက်သို့ သွားရောက်၍ ပန်းခြံတည်ဆောက်ရေးလုပ်ငန်းတွင် စင်ကာပူ ချယ်ရီ၊ အုန်းချိုမွှေး၊ ပေါ်လိုနီးယားနှင့် ခရေပင်များ စိုက်ပျိုးထားမှု၊ သခင်မြပန်းခြံတွင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
သတင်းစဉ်