Skip to main content

ရခိုင်ပြည်နယ်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် Video conferencing စနစ်ဖြင့် အစည်းအဝေးကျင်းပ

နေပြည်တော်  စက်တင်ဘာ ၁

ရခိုင်ပြည်နယ်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ရှိသူများ ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီတွင် Videoconferencing စနစ်ဖြင့် နေပြည်တော်ရှိ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ပြုလုပ်သည်။

အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လက်ရှိတွင် ကိုဗစ်-၁၉ သည် အချိန်တိုအတွင်း လျင်မြန်စွာ ကူးစက်ပြန့်ပွားလျက်ရှိရာ မိမိတို့အနေဖြင့် အဆိုးဆုံးသောအခြေအနေ (worst case scenario) ကို မျှော်မှန်းကာ ရရှိသော အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးချပြီး တုံ့ပြန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခြေအနေမှာ အရေးကြီးသည့် လမ်းဆုံလမ်းခွအခြေအနေတစ်ခုသို့ ရောက်ရှိနေသဖြင့် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်မှသာ ဤကပ်ရောဂါ ကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် မိမိတို့ သည် ကျန်းမာရေး ကဏ္ဍရှုထောင့် တစ်မျိုးတည်းမှ မကြည့်ဘဲ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး စသည့် ရှုထောင့်အသီးသီးတို့ကိုပါ ထည့်သွင်းစဉ်းစားကာ ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ကပ်ရောဂါထိန်းချုပ်မှုနှင့် ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာနသည် ဗဟိုကော်မတီမှ ချမှတ်လမ်းညွှန် ထားသော လုပ်သင့်လုပ်ထိုက်သည့်အချက်များအား ဆောင်ရွက်လျက်ရှိပြီး ပါဝင်ဆောင်ရွက်နေသူများ အားလုံးအား အသိအမှတ်ပြုပါကြောင်း၊ လက်တွေ့မြေပြင်အခြေအနေ၌ ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ပီပြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် လူမှုရေးဝန်ကြီးများ၏ ဦးဆောင်မှုနှင့် ပံ့ပိုးမှုသည် မရှိမဖြစ်အရေးကြီးသည် ဆိုသည့်အချက်ကို သတိပြုရမည်ဖြစ်ပါကြောင်း၊ ယခုရောက်ရှိနေသော ကပ်ရောဂါ၏ အခြေအနေနှင့် အဆင့်တွင် ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများ အားလုံးအား အမြန်ဆုံးရှာဖွေဖော်ထုတ်ခြင်းသည် အဓိကအကျဆုံးနှင့် အရေးအကြီးဆုံးနည်းဗျူဟာ ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်မှ အခြားနေရာဒေသများသို့ ခရီးသွားလာခဲ့သူတစ်ဦးချင်းအား ဝန်ကြီးဌာနမှ ဆရာဝန်များက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ကျန်းမာရေးစစ်ဆေးမှုနှင့် အသွားအလာ ကန့်သတ်မှု ခံယူရန် အကြောင်းကြားလျက်ရှိသဖြင့် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါ ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ယာယီစခန်းများ၊ ပြန်လည်လက်ခံရေးစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် ရောဂါ ဖြစ်ပွားမှုမရှိစေရန်အတွက် ကာကွယ်ရေးလုပ်ငန်များနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ အနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ပျံ့နှံ့မှု အရှိန်အဟုန်နှင့် ပျံ့နှံ့မှုလားရာတို့ကို အသေးစိတ်သုံးသပ်လျက်ရှိပါကြောင်း၊ ဤဌာနခွဲ အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကူးစက်ရောဂါတိုက်ဖျက်ရေး တာဝန်ရှိသူများ နှင့် နေ့စဉ်ချိတ်ဆက် ဆွေးနွေးတိုင်ပင်ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ တွေ့ရှိရသော သတင်းအချက် များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရမည် ဖြစ်ပါကြောင်း၊ တွေ့ရှိချက်များနှင့် ပံ့ပိုးဆောင်ရွက်ရမည့်အချက်များကို အချိန်နှင့် တစ်ပြေးညီ တာဝန်ရှိသူအကြီးအကဲ များထံ တင်ပြရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို ချက်ချင်းဆောင်ရွက် ပေးမည်ဖြစ်ပြီး ဝန်ကြီးဌာနအတိုင်းအတာနှင့် ဆောင်ရွက်နိုင်ခြင်း မရှိပါက ဗဟိုကော်မတီသို့ အချိန်နှင့် တစ်ပြေးညီတင်ပြသွား မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်သို့ ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းများနှင့် စက်ကိရိယာများအား အထူးလေယာဉ်များဖြင့် ဆက်တိုက် ပို့ဆောင် လျက်ရှိပါကြောင်း၊ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိသူများကို ဖော်ထုတ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများ အား ထပ်မံတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

လက်ရှိရေးဆွဲထားသည် လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများကိုလည်း COVID-19 ရောဂါနှင့် ပတ်သက်၍ ထပ်မံတွေ့ရှိချက်အသစ်များ၊ ကူးစက်ပျံ့နှံ့ပုံစံများ၊  ပြောင်းလဲလျက်ရှိသော ရောဂါလက္ခဏာများစသည်တို့ကို ထည့်သွင်းစဉ်းစားပြီး မွမ်းမံရေးဆွဲကာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမည့်ကာလ၊ ကိုဗစ်-၁၉ လူနာများ အား ကုသမှုပေးခြင်းနှင့် ဆေးရုံဆင်းခွင့်ပေးခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နှင့် နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်များအပေါ် အခြေခံပြီး သက်ဆိုင်ရာ ပညာရှင်အသီးသီးနှင့် ဆွေးနွေးတိုင်ပင်ကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီး  ဖြန့်ဝေလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုနည်းပါးသော တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများအနေဖြင့် COVID-19 လူနာများ များပြားလာနိုင်သည်ဟူသော ခံယူချက်ကိုနောက်ခံထား၍ စောင့်ကြည့်လူနာများအား စနစ်တကျ ထားရှိရေး နှင့် စီမံခန့်ခွဲရေးကိစ္စရပ်များကို ဆန်းစစ်သုံးသပ်ပြီး ကြိုတင်ပြင်ဆင်မှုများ  ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်မည့်ကာလ အတို၊ အရှည်သည် ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင် မှုနှင့် စည်းကမ်းလိုက်နာမှုတို့အပေါ်၌ အဓိကမူတည်နေပါသဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် အသံချဲ့စက်များ အသုံးပြုကာ ပြည်သူများအား အသိပေးနှိုးဆော်မှုများကို တိုးမြှင့်လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် စစ်တွေမြို့သို့ရောက်ရှိနေသည့် ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ်ဝင်းမြင့် က ရောဂါပျံ့နှံ့မှု အတိုင်းအတာနှင့် ပျံ့နှံ့မှုပုံသဏ္ဍာန်များကို သိရှိနိုင်ရန် စစ်တွေမြို့မှ ကိုဗစ်-၁၉ ကူးစက် နိုင်ချေများပြားသူများအား ကျပန်းစနစ်ဖြင့်ရွေးချယ်ကာ rapid test kit ဖြင့် ပဋိပစ္စည်းများ ရှိ၊ မရှိ စစ်ဆေးမှု အခြေအနေများနှင့် test positive တွေ့ရှိသူများအား PCR စနစ်ဖြင့် ထပ်မံစစ်ဆေး သွားမည့်အစီအစဉ်၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် ခြုံငုံသုံးသပ်ချက်များကို လည်းကောင်း။

 စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဆေးရုံကြီး၌ ကိုဗစ်-၁၉ လူနာများအား ကုသပေးနေရမှု၊ လူနာများ၏ အခြေအနေများ၊ အထူးကြပ်မတ်ကုသဆောင်နှင့် အသက်ရှူစက်များ တပ်ဆင်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လူနာတွေ့ရှိမှု၊ ကုသမှုအခြေအနေများ၊ အသွားအလာကန့်သတ်မှု အခြေအနေများကိုလည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ယနေ့ နံနက်ပိုင်းတွင် ကုသရေးပါမောက္ခများ နှင့်ဆွေးနွေး တိုင်ပင်ခဲ့မှုနှင့် ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) ကို လူနာများ သက်တောင့်သက်သာကုသမှုခံယူနိုင်သည့် လေအေး စက်ပါဝင်သည့်၊ အောက်ဆီဂျင်ပေးနိုင်သည့် တစ်ဦးချင်းလူနာခန်းများ၊ စက်ကိရိယာစုံလင်သည့် အထူးကြပ် မတ်ကုသဆောင်များ ကဲ့သို့ ကုသမှုပိုင်းဆိုင်ရာသာမက ကျန်းမာရေးဝန်ထမ်းများနှင့် အခြားပံ့ပိုး ကူညီသူများ နေထိုင်ရေး၊ လုပ်ငန်းများ ကြီးကြပ်ရေး၊ လုံခြုံရေး၊ အင်တာနက်ဆက်သွယ်ရေး၊ ကျွေးမွေးရေးစသည်ဖြင့် ပြင်ဆင်ထားရှိမှု အခြေအနေများအား လည်းကောင်း။

အစည်းအဝေးသို့ တက်ရောက်လာသည့် ဆေးပညာပါမောက္ခ/ ဌာနမှူးများနှင့် အပူပိုင်းနှင့် ကူးစက် ရောဂါပညာ ပါမောက္ခ/ ဌာနမှူးများက ဆေးပညာရှင်များအချင်းချင်း ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်တိုင်ပင်ကာ ကိုဗစ်-၁၉ လူနာများအား ကုသပေးနေမှုများအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က ဓာတ်ခွဲစစ်ဆေးမှုများကို PCR စက်များဖြင့် စစ်ဆေးခြင်းအပြင် GeneXpert စက်များဖြင့်အသုံးပြုကာ တိုးမြှင့်စစ်ဆေးနေမှု အခြေအနေများနှင့် ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ အကြံပြုချက်များကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်တို့က  ရခိုင်ပြည်နယ်မှ အခြားနေရာ ဒေသများသို့ ခရီးသွားလာခဲ့သူတစ်ဦးချင်းအား ကျန်းမာရေး ဝန်ထမ်းများက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ကျန်းမာရေးစစ်ဆေးမှုနှင့် အသွားအလာကန့်သတ်မှု ခံယူရန် ပြောကြားနေမှု အခြေအနေများနှင့် ထိုသို့ဆက်သွယ်ရာတွင် အဆိုပါခရီးသည်များနှင့် ခရီးသွားဝန်ဆောင်သူ အချို့က တယ်လီဖုန်းမကိုင်မှု၊ ကိုင်ပြီးနောက် ဖုန်းချခြင်းနှင့် ပိတ်ထားခြင်းများ ပြုလုပ်မှုတို့အပြင် ကောင်းမွန်စွာပြန်လည်ဖြေကြားခြင်းမရှိမှုများကိုလည်းကောင်း။

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေများအား ခြုံငုံသုံးသပ်မှုများကိုလည်းကောင်း၊ သံတွဲပြည်သူ့ဆေးရုံနှင့် ကျောက်ဖြူပြည်သူ့ဆေးရုံတို့မှ ဆေးရုံအုပ်ကြီးများက ဆေးရုံအလိုက် ကိုဗစ်-၁၉ လူနာများအားကုသမှု ပေးနေမှုများနှင့် လူနာများ၏ အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသူများက အထွေထွေတင်ပြမှုနှင့် ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါအစည်းအဝေးပြုလုပ်ပြီးနောက် ယနေ့၊ နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထပ်မံတွေ့ရှိချက်အသစ်များ၊ ကူးစက်ပျံ့နှံ့ပုံစံများ၊  ပြောင်းလဲလျက်ရှိသော ရောဂါလက္ခဏာ များစသည်တို့အားထည့်သွင်းစဉ်းစားကာ အသွားအလာ ကန့်သတ်ခြင်း၊ ကိုဗစ်-၁၉ လူနာများအား ကုသမှု ပေးခြင်းနှင့် ဆေးရုံဆင်းခွင့်ပေးခြင်း စသည်တို့နှင့် ပတ်သက်၍ လက်ရှိရေးဆွဲထားသည် လုပ်ငန်းလမ်းညွှန် များနှင့် စံလုပ်ထုံးလုပ်နည်းများ ကို မွမ်းမံရေးဆွဲရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)