နေပြည်တော် စက်တင်ဘာ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနနှင့် IOM(Myanmar)တို့ ပူးပေါင်း၍ လူကုန်ကူးခံရသူများ အား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီ အစဉ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီတွင် ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Online ဖြင့် ပြုလုပ်သည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားသည်။
သင်တန်းသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သင်တန်း သား/သင်တန်း သူ(၂၁)ဦး တက်ရောက်နေပြီး သင်တန်းအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ(၁) ရက်မှ (၄)ရက်အထိ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။
၂၀၀၅ခုနှစ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပေါ်ပေါက်ခဲ့ပြီး ၂၀၀၆ခုနှစ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊လုပ်ငန်းအဖွဲ့(၃)ဖွဲ့နှင့် အဆင့်ဆင့်သော လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း ၊ နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲ၍ နိုင်ငံတကာ စံနှုန်းများနှင့်အညီ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ဖွဲ့စည်းထားသော “လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့” ဥက္ကဌအဖြစ် တာဝန်ဆောင်ရွက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ ဦးဆောင်၍ ဆက်စပ်အစိုးရဌာနအဖွဲ့အစည်းများ ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ နှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် “ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်” ထုတ်ဝေနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များပါဝင် သော “နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့” ဖွဲ့စည်း၍ IOM( Myanmar) ၏ နည်းပညာ အကူအညီ ရယူပြီး ၂၀၁၆ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပါသည်။ စံလုပ်ငန်းအစီအစဉ် ပေါ်ထွက်လာရေး အစည်း အဝေးများ ကျင်းပခဲ့ခြင်း၊ အပြီးသတ် မူကြမ်းတို့အား သက်ဆိုင်ရာဌာနများနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက်တောင်းခံခဲ့ခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုဖွဲ့သို့ တင်ပြလမ်းညွှန်မှု ခံယူခဲ့ပြီး ၂၀၂၀ ပြည်နှစ်၊ ဇွန်လတွင် ထုတ်ဝေနိုင်ခဲ့သည်။
စံလုပ်ငန်းအစီအစဉ်သည် လူကုန်ကူးခံရသည်ဟု ယူဆရသူ (သို့မဟုတ်) လူကုန်ကူးခံရသူ အဖြစ် ကနဦးသတ်မှတ်ထားသူများအား လူကုန်ကူးခံရသူအဖြစ် စိစစ်ဖော်ထုတ်သတ်မှတ်ခြင်း၊ လူကုန်ကူးခံရသူများအား အကူအညီပေးခြင်း၊ ပြန်လည်ပို့ဆောင်ခြင်းနှင့် လွှဲပြောင်းခြင်း၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် လူကုန် ကူးမှုတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် ဝန်ဆောင်မှု ပေးနေသူများသည် ၎င်းတို့၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းစွာ သိရှိနားလည်ပြီး လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းနှင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို ပိုမိုစနစ်ကျနစွာ ဆောင်ရွက်နိုင်ခြင်း အားဖြင့် လူကုန်ကူးခံရသူများ၏ အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း သိရသည်။ (သတင်းစဉ်)