Skip to main content

ပညာရေးစီမံခန့်ခွဲမှုအသိအမှတ်ပြုလက်မှတ်ရသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

ပညာရေးစီမံခန့်ခွဲမှုအသိအမှတ်ပြု လက်မှတ်ရသင်တန်း (Certificate in Education Management  – CEM Training) ဖွင့်ပွဲ   အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အင်္ဂလိပ်စာ၊ အိုင်စီတီ၊ သုတေသန စွမ်းဆောင်ရည်နှင့် ပူးပေါင်း ဆောင်ရွက်မှုစွမ်းရည်များအရ ယခုလို CEM သင်တန်းသင်ယူခွင့်ရရှိကြသူများအားလုံး အား အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် (Capacity Development Fund - CDF),  University College London-Institute of Education (UCL-IOE), Dr. ခင်မာနီနှင့်သင်တန်း ဆရာများ၊ ပံပိုးပေးကြသည့် သက်ဆိုင်ရာ ဌာနများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူ များအားလုံးကို အထူးကျေးဇူး မှတ်တမ်းတင်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တစ်ဦးချင်းစီ စွမ်းဆောင်ရည် ရှိစွာဖြင့် တာဝန်ယူ၊ တာဝန်ခံပြီး ဆန်းသစ် ထိရောက်ပွင့်လင်းမြင်သာ စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖြည့်ဆည်းပံ့ပိုး ပေးလိုပါကြောင်း၊ ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုနှင့် ထိရောက်သည့်ခေါင်းဆောင်မှုများရရှိစေရန် ပညာရေးဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းပြီး စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးစီမံခန့်ခွဲမှုဒီပလိုမာဘွဲ့လွန်သင်တန်း (Diploma in Education Management -DEM) ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ပညာရေးဝန်ကြီးဌာန(နေပြည်တော်)တွင် ဖွင့်လှစ်ခဲ့ပါကြောင်း။

DEM သင်တန်းသည် ရန်ကုန်ပညာရေးတက္ကသိုလ်က ဘွဲ့ပေးအပ်မည့်  နိုင်ငံ တကာအဆင့်မီ ဘွဲ့လွန်ဒီပလိုမာဘွဲ့ဖြစ်ပြီး သင်တန်းကာလ တစ်နှစ်တွင် Total credit က 21 credit ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ပညာရေးတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်မှ ပညာရှင်များက ၎င်းတို့၏အတွေ့အကြုံများကို သီအိုရီနှင့် လက်တွေ့ပေါင်းစပ်ပြီး ဆွေးနွေးပို့ချခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရ DEM သင်တန်းဆင်းများမှတဆင့် ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် အောင်မြင်သည့်ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်စေပြီး စွမ်းရည်မြင့်မားသည့် ခေါင်းဆောင်မှုများ ရရှိသွားစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊

ယခုဖွင့်လှစ်မည့် CEM သင်တန်းသည် DEM သင်တန်း၏ တစ်စိတ် တစ်ပိုင်း ဖြစ်ပြီး CEM တွင် ပို့ချမည့်အကြောင်းအရာများသည် ပညာရေး၏အခြေခံများကို ဦးဆောင်မှုပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ မူဝါဒ၊ သုတေသန နှင့်စီမံကိန်းရေးဆွဲခြင်း၊ ပြုပြင် ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဆက်သွယ် ပြောဆိုမှုစွမ်းရည် တို့ဖြစ်ပါကြောင်း၊ မိမိလုပ်ငန်းအတွက် အကျိုးရှိသည့်သင်တန်း တစ်ခုဖြစ်သည့်အတွက် ပူးပေါင်းသင်ယူကြရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးသဘောတရားဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်မာနီက CEM Programme နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။

CEM သင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးသဘောတရား ဌာနက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်တွင် Zoom ဖြင့် စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။ CEM သင်တန်းအတွက် အဓိကရည်ရွယ်သည့် အုပ်စု(Target Group) အနေ ဖြင့် ပညာရေးဝန်ကြီးဌာနမှ သင်တန်းဌာနမှူးများ၊ တက္ကသိုလ်အသီးသီးကို ဉီးဆောင် မည့် ဒုတိယပါမောက္ခချုပ်များ၊ အခြေခံပညာဉီးစီးဌာနရှိ ကျောင်းအုပ် ကြီးများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ သင်တန်းကာလမှာ ရက် ၄၀ ဖြစ်ပြီး Total credit မှာ 11 credit ဖြစ်သည်။ သင်တန်းပြီးမြောက်ပါက ရန်ကုန်ပညာရေးတက္ကသိုလ်မှ အသိ အမှတ်ပြုလက်မှတ် ပေးအပ်မည်ဖြစ်သည်။ CEM သင်တန်းပြီးမြောက်ပါ က DEM သင်တန်းကို တက်ရောက်နိုင်မည်ဖြစ်သည်။ CEM သင်တန်းတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှပညာရှင်များနှင့် ပြင်ပမှပညာရှင်များပူးပေါင်းကာ ဆွေးနွေးပို့ချမည် ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)