နေပြည်တော် ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့သည်ဟု အကြောင်းပြချက်ဖြင့် မြို့ခံပြည်သူ ၁၅ ဦးအား ဖမ်းဆီးထားကြောင်း မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေးမီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဟင်္သာတမြို့အတွင်း ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သောလုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့ဝင်များနှင့် အကြမ်းဖက်အားပေးထောက်ပံ့ကူညီသူများကိုသာ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး အပြစ်မဲ့ဒေသခံ ပြည်သူ ၁၅ ဦးကို ဖမ်းဆီးထားသည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် လုပ်ကြံရေးသားသည့် သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေးသည့် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် မြေပြင်တွင် ဖြစ်ပေါ်လျက်ရှိသည့် သတင်းအကြောင်းအရာများကို အခြေခံ၍ သတင်းတု၊ သတင်းမှားများကို ပြည်သူများစိုးရိမ်ထိတ်လန့်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်ရည်ရွယ်၍ အကြမ်းဖက်လုပ်ရပ်များကို အားပေးသည့် သတင်းများဖန်တီးကာ လှုမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။