ရန်ကုန် ဒီဇင်ဘာ ၂၀
မြန်မာနိုင်ငံ၏ မြေအောက်ရေ အခြေအနေပြ ဘူမိဗေဒမြေပုံကို ကုမ္ပဏီတစ်ခုက ရေးဆွဲနေပြီး မျိုးဆက်သစ်များသို့ ပြန်လည်မျှဝေပေးရန် စီစဉ်နေကြောင်း အဆိုမြေပုံကို ပြုစုနေသည့် မြန်မာဘူမိ နည်းပညာတိုင်းတာရေးအုပ်စုကုမ္ပဏီ (MGS Group) တည်ထောင်သူ ဦးအောင်မင်းသိန်းက ပြောသည်။
အဆိုပါ မြေပုံကို ပြုစုနေရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက မြို့နယ်၊ ကျေးရွာအသီးသီးသို့ ဘူမိရူပဗေဒနည်းပညာဖြင့် မြေအောက်ရေသုတေ သနပြုဆောင်ရွက်ပြီးချိန်တိုင်း မှတ်တမ်းပြုစု၍ ဒေသတစ်ခု၏ မြေအောက်ရေစုအိုင်၊ ရေကြောစီးကြောင်းများ၊ အနက်ပေများ၊ ထုထည်များ၊ မြေလွှာစဉ် ကျောက်လွှာစဉ် မှတ်တမ်းများ ပြုစုရေးဆွဲထားပြီး Geophysics အချက်အလက်၊ Geology အချက်အလက်များ ပေါင်းစပ်၍ GIS Mapping များဖြင့် မှတ်တမ်းယူကာ MGS Group မှ ပညာရှင်များက ပြုစုဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိ ကျွန်တော်တို့ ဆောင်ရွက်နေတာက မပြီးသေးပါဘူး။ တချို့တစ်ဝက်မှာပဲ မှတ်တမ်းတွေ ယူနိုင်တာပဲ ရှိသေးတယ်။ ဒီနှစ်အတွင်းကို ၅၅ ရာခိုင်နှုန်းလောက် ပြီးစီးနိုင်ပါတယ်။ စီးပွားရေးအရ ဆောင်ရွက်မယ့်ဟာဆို မပေးဘူး။ မြေအောက်ရေအတွက်ကို တက္ကသိုလ်က ကျောင်းသားတွေ၊ ဆရာ ဆရာမတွေက ပြီးပြီးသားအပိုင်းကနေ မျှဝေပေးပါဆို လို့ပေးရတယ်။ စီးပွားရေးအရ သုံးစွဲမှာဆို ခွင့်မပြုပါဘူး။ ဒီဟာတွေကို ဘယ်မှာပေးမှာလဲဆို နည်းပညာတက္ကသိုလ်တွေ၊ စိုက်ပျိုးရေးတက္ကသိုလ်တွေ စသည်ဖြင့် ကျွန်တော်တို့နိုင်ငံက တက္ကသိုလ်တွေကို မျှဝေပေးသွားမှာပါ” ဟု ဦးအောင်မင်းသိန်းက ပြောသည်။
မြေအောက်ရေ ခက်ခဲသောဒေသများတွင် ယခင်က စက်ရေတွင်းတူးရာတွင် မြေလွှာနှင့် ရေထုထည်ကို မသိသောကြောင့် သမားရိုးကျစနစ်ဖြင့် ဆောင်ရွက်သည့်အခါ အခက်အခဲများ တွေ့ရပြီး အားသာချက်များစွာရှိသည့် စနစ်သစ်ကို အသုံးပြုကာ အများပြည်သူ အကျိုးရှိစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ကျွန်တော်တို့ သုံးနေတဲ့ စနစ်တွေက မြေအောက်မှာရှိတဲ့ ရေရဲ့ ထုထည်ကို သိရတယ်။ စီးကြောင်းလား၊ စုအိုင်လား။ နောက်ပြီး ရေတွင်းတူးမယ့်သူရဲ့ ရေသုံးစွဲလိုမှုပေါ့။ စီးပွားရေးအတွက်လား၊ စိုက်ပျိုးရေးအတွက်လား လုံလောက်မှုရှိမလား။ ဒီအတွက် ကိုယ့်ပတ်ဝန်းကျင်က မြေအောက်ရေကို ဖော်ပြပေးတယ်။ ပြီးရင် ငါးလွှာရှိတယ်ဆို ရေသုံးစွဲမှုအပေါ် မူတည်ပြီး မလိုအပ်ရင် အောက်ကနှစ်လွှာကို မထုတ်ခိုင်းဘူး။ သုံးလွှာနဲ့ လုံလောက်တယ်ဆို သုံးလွှာအတွက်ပဲ အကြံပြုတာပါ။ မြေအောက်ရေက ပြန်ဖြည့်တာရှိလို့ပါ”ဟု ဦးအောင်မင်းသိန်းက ပြောသည်။
ထက်ဦးမောင်
ဓာတ်ပုံ - MGS Group
