နေပြည်တော် ဒီဇင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်တိုက်နယ်မှ ဒေသခံပြည်သူ ၂၀ ကျော်ကို တပ်မတော်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရသူ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၁ ဦးဖြစ်ကြောင်း လူမှုကွန်ရက်များတွင် မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းချက်အရ မှန်ကန်မှုမရှိကြောင်း၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်တိုက်နယ်တွင် မည်သည့်လုံခြုံရေးအဖွဲ့များမှ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ခြင်းမရှိကြောင်း၊ လုပ်ကြံရေးသားသည့် သတင်းမှားသာဖြစ်ကြောင်း ပြောကြားချက်အရ သိရှိရသည်။
အကြမ်းဖက်မှုအားပေးသည့် တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် မဟုတ်မမှန် သတင်းများကို ရေးသားဖြန့်ဝေကာ တပ်မတော်သားများနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များအပေါ် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်တွင် မဟုတ်မမှန် သတင်းများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
