Skip to main content

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁၈

(၇၆) နှစ်မြောက် လွတ်လပ်‌ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လူငယ်နှင့်စာပေအနုပညာပွဲတော်ကို လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများထက်မြက်လာစေရေး အတွက်စာအုပ်စာစောင်များကို တန်ဖိုးထား ဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် လူငယ်များစာပေနှင့်ရင်းနှီးပြီး စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက် ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်၊ ပြခန်းများ ခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူသိမြင်နိုင်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့တွင် အဆိုပါ လူငယ်နှင့်စာပေ အနုပညာပွဲတော်တွင်ပြသမည့် စာအုပ်စာစောင်များ ခင်းကျင်းခြင်း၊ “လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲအတွက် ဓာတ်ပုံများခင်းကျင်းခြင်း၊ ဝန်ကြီးဌာန ၁၅ ခုမှ ပြသမည့် ပြခန်းများခင်းကျင်းပြင်ဆင်ခြင်း၊ ဖွင့်ပွဲအခမ်းအနား အစီအစဉ်နှင့် ဖျော်ဖြေ‌ရေးအစီအစဉ်များတွင် ပါဝင်ဖျော်ဖြေကြမည့် အနုပညာရှင်များနှင့် ကျောင်းသားကျောင်းသူများ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ တိုင်းရင်းသားရိုးရာအစားအစာဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များ ခင်းကျင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပမည်ဖြစ်ရာ မည်သူမဆို အခမဲ့ဝင်ရောက် လေ့လာကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်