နေပြည်တော် ဒီဇင်ဘာ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) သို့ရောက်ရှိပြီး ရုံးဝင်းအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေး၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ အေးသာယာမြို့ စွယ်တော်ကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်၊ သံဃာတော်များနှင့် ဘုန်းတော်ကြီးသင် ကျောင်းသား ကျောင်းသူများအတွက် ဆွမ်းဆန်တော်၊ ကျောင်းသုံးဗလာစာအုပ်များကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ်ရှိ ထပ်အိမ်ဂူဘုန်းတော် ကြီးသင် ပရဟိတပညာရေးကျောင်း၌ ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆန်အိတ်များကိုလည်းကောင်း ဆပ်ကပ်လှူဒါန်းကာ ကျောင်းဝင်းအတွင်း ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူများ အခက်အခဲမရှိ ပညာသင်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးသည်။
ယင်းနောက် အောင်ပန်းမြို့ရှိ စက်မှုလက်မှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းဝင်းအတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက် ရေးလုပ်ငန်းများကိုလည်းကောင်း၊ ကလောမြို့ ရပ်ကွက် (၈) မှ ရွှေမင်းဖုန်းဘုရား-တောင်ပဲ့ ကျေးရွာသွား လမ်းရှစ်မိုင်တွင် စုစုပေါင်းလေးမိုင် အပြီးသတ် ကျောက်ချောလမ်းခင်း ခြင်းလုပ်ငန်း၊ ရှုခင်းသာ-ဟင်းခါး ကုန်း-ဆင်တောင်-ခွေးရုပ်လမ်း ၅ မိုင် မြေလမ်း တာချဲ့ခြင်းလုပ်ငန်းနှင့်ကလောမြို့နယ် နန်းသဲ- တောင်လား - တောင်ကွဲ - နန်းတိုင်းလမ်း ၁၅ မိုင် ၅ ဖာလုံတွင် ၂ မိုင် ၆ ဖာလုံ အပြီးသတ်ကတ္တရာခင်းခြင်း လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဟိုပုံးမြို့နယ် မဲနယ်တောင်တန်းဒေသနှင့် လွယ်မောတောင်တန်း ဒေသများ၌ အစားထိုးဖွံ့ဖြိုးမှု လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လမ်းကွန်ရက် ဖောက်လုပ်ခြင်း လုပ်ငန်းများဖြစ်သည့်ကောင်းက လွန်း- လွယ်မိုင်းတောင်(ပွိုင့် ၈၂၆၃) နှစ်မိုင် ခြောက်ဖာလုံ မြေလမ်းသစ် ဖောက်လုပ်ခြင်းနှင့် Box Culvert လေးစင်း တည်ဆောက်ခြင်း လုပ်ငန်း၊ ပန်ကလ-ဒုံလိတန် တစ်မိုင်ငါးဖာလုံ မြေလမ်းသစ်ဖောက်လုပ်ခြင်းနှင့် သုံးမိုင်နှစ်ဖာလုံ အမာခံခင်းခြင်း လုပ်ငန်းဆောင် ရွက်နေမှု၊ ပါခက်-ပန်ကလ ၁ မိုင်လေးဖာလုံ မြေလမ်းဖောက်လုပ်ခြင်းနှင့် ပေ ၂၀ တံတားဆောက် လုပ်ပြီးစီးမှုနှင့် ပန်စောက်-လဲဉ်း ကလ-ဟိုင်းနွဲ့ ၁၀ မိုင် သုံးဖာလုံ မြေလမ်းဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးရေမြောင်းများနှင့် Box Culvert များ စနစ်တကျ ဆောင်ရွက်ရန်၊ လမ်းအတက် အဆင်းများ ချောမောပြေပြစ်အောင် ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးရေးတို့ကို မှာကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မဲနယ်တောင်တန်းဒေသနှင့် လွယ်မောတောင်တန်းဒေသတို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ ကျောက္ကချား - နတ်စင်- ပန် ကလလမ်း ခြောက်မိုင် လေးဖာလုံ၊ နတ်စင်- ပါခက်- ပန်ကလလမ်း သုံးမိုင် တစ်ဖာလုံ၊ ပါခက်-နောင် လိုင်လမ်း လမ်းတာချဲ့ လေးမိုင်လေးဖာလုံတို့ကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပန်ကလ- ဒုံလိတန် မြေသားလမ်း သုံးမိုင် နှစ်ဖာလုံ၊ ပန်စောက် - လဲဉ်းကလ- ဟိုင်းနွဲ့ မြေသားလမ်း ၁၀ မိုင် သုံးဖာလုံနှင့် လပ်တိုင်-နားခိုက်- ဝမ်တီး-ပန်ဟိုင်း-သီဟိုး လမ်း ၁၅ မိုင် တစ်ဖာလုံတို့ကို အဆင့်မြှင့်တင်ခြင်း၊ လပ်တိုင်-ထမ့်ယမ်း- နောင်တဗန်- ဆော့ ဆားလမ်းလမ်းတာချဲ့ လေးမိုင် နှစ်ဖာလုံတို့ကို လည်းကောင်း ဆောင်ရွက်ပေးပြီးဖြစ်၍ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျောက္ကချား - နတ်စင် - ပန်ကလ လမ်းနှင့် နတ်စင် - ပါခက် - ပန်ကလလမ်းတို့တွင် အတက်အဆင်း မတ်စောက်သည့်နေရာ များ၌ တစ်မိုင် ကွန်ကရစ်ခင်း ခြင်း၊ ပါခက်-နောင်လိုင် လေးမိုင် လေးဖာလုံ လမ်းတာချဲ့ ပြီးစီး သည့်အပေါ်တွင် လိုအပ်သည့် Box Culvert နှင့် ရေကျော်များ တည် ဆောက်ခြင်း၊ နားမွန်း - ထီအုံ စောက်-တနိုင်မွန် လမ်း ၁၀ မိုင် တစ်ဖာလုံ လမ်းတာချဲ့ခြင်းနှင့် Box Culvert ရှစ်စင်း တည်ဆောက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး အလားတူ သမ ဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဒုံလိတန်-နားလုံး-ဟိုင်းနွဲ့လမ်းပိုင်း ကိုးမိုင်နှစ်ဖာလုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မဲနယ်တောင်တန်းဒေသနှင့် လွယ်မောတောင်တန်း ဒေသအတွင်း တောင်-မြောက်-အရှေ့-အနောက် လမ်းကွန်ရက်များ ဖြစ်ပေါ်လာပြီး ဒေသတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်း သားပြည်သူများအတွက် အစားထိုးဖွံ့ဖြိုးမှု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လူမှုစီးပွားဘဝများစွာ တိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသတွင်း ခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအတွင်းရှိ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြသည်။
ယင်းနောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဆိုက်ခေါင်) သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများ၊ အိပ်ဆောင်၊ သင်တန်းခန်းမများနှင့် ဥစားကြက်ခြံတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်