Skip to main content

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်တိုးတက်မြင့်မား နေဆဲဖြစ်သည်။ ရောဂါ မပြန့်ပွားခင် လွန်ခဲ့သောလများက ရခိုင်ပြည်နယ် အတွင်း ကူးစက်မှုမရှိအောင် ထိန်းသိမ်းထားနိုင် ခဲ့သည်။ ယခုအခါ ပြည်တွင်းကူးစက်မှုပုံသဏ္ဌာန်ဖြစ်ပေါ်လာပြီး တစ်နိုင်ငံလုံး သို့ ရောဂါပြန့်ပွား မသွားစေရေးအတွက် ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု စိတ်ချလုံခြုံမှု ရှိအောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၂၈ ရက်က ရခိုင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသူများနှင့် အပြန်အလှန် ဆွေးနွေး ကြရာ၌ “မိမိတို့နိုင်ငံသည် ချမ်းသာသည့်နိုင်ငံ မဟုတ်သော်လည်း ပြည်ထောင်စု၏ လိုအပ်သည့် အစိတ်အပိုင်းအား အမြဲပြည့်ပြည့်စုံစုံ ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြမည်ဟု ယုံကြည်ပါကြောင်း၊ ယင်းမှာ အင်အားပင်ဖြစ်ပါကြောင်း၊ နိုင်ငံမချမ်းသာသော်လည်း မိမိတို့ပြည်သူ များ၏ ရက်ရောသည့် စိတ်ဓာတ်သည် များစွာချမ်းသာပါကြောင်း၊ အရေးကြီးလျှင် သွေးစည်း လိုသည့် စိတ်ဓာတ်၊ ဝိုင်းဝန်းကူညီပံ့ပိုးလိုကြသည့် စိတ်ဓာတ်ရှိသည့်အတွက် ငွေကြေးအနေဖြင့် လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်ထောင်စုတစ်စိတ်တစ်ပိုင်း ကျန်းမာရေးအတွက် လိုအပ်ချက် မရှိစေရန် ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုတစ်ခုလုံး ၏အရေးကို အလေးအနက်ထား ရှေးရှုဆောင်ရွက်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်သည် ပြည်ထောင်စုကြီးအတွင်းမှ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နာကျင်မှုများ ရှည်ကြာစွာခံစားနေရသောပြည်နယ်ဖြစ်သည်။ ပြည်ထောင်စုကြီး အတွင်းရှိ မည်သည့်အစိတ်အပိုင်းတစ်ခုခုတွင် နာကျင်သည်ဖြစ်စေ၊ ပြည်ထောင်စုကြီးတစ်ခုလုံး နာကျင်မှုကိုဖြစ်စေသည်။ ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကို အဆိုပါ စိတ်ဓာတ်ဖြင့် နိုင်ငံတော်အစိုးရက ချဉ်းကပ်ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။

မိဘများသည် သားသမီးများအပေါ်တွင် ကောင်းသည်၊ ဆိုးသည် မခွဲခြားဘဲတစ်ပြေးညီတူမျှ မေတ္တာတရားထားနိုင်ကြသည်။ အလားတူပင် မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့် အညီ နိုင်ငံတော်အစိုးရ သည် ပြည်ထောင်စုစိတ်ဓာတ်အပြည့်အဝဖြင့် မည်သည့်နေရာ၊ မည်သည့် ဒေသဟူ၍ ခွဲခြားဆက်ဆံခြင်းမရှိဘဲ အားလုံးအပေါ်တွင် တစ်ပြေးညီတူမျှ ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် ဒုက္ခအခက်အခဲကျရောက် သည်ဖြစ်စေ ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သည်ဟုခံယူပြီး အလေး အနက်ထား ဖြည့်ဆည်းဆောင် ရွက်ပေးနေသည်။ ရခိုင်ပြည်နယ် အရေးကိစ္စ၌ လတ်တလောတွင် အခက်အခဲများ၊ စိုးရိမ်စိတ်များနှင့် ကြုံတွေ့နေရသော် လည်း ပြည်ထောင်စုမေတ္တာတရားဖြင့် အားလုံးဝိုင်းဝန်းလက်တွဲပြီး ကူညီဆောင်ရွက်ပေးသွားကြပါက ဒုက္ခအခက်အခဲများအားလုံး ကျော်လွှားသွား နိုင်မည်ဟု ယုံကြည်ပါသည်။

ရခိုင်ပြည်နယ်သည် မတူညီသော လူ့အသိုက်အဝန်းအကြား အတူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ရေး ကို ဦးတည်ဆောင်ရွက်နေသော ပြည်နယ်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အားနည်းမှုအမျိုးမျိုး တို့အပေါ်တွင် အသုံးချခြင်းခံရမှုတို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ မှာ နာကျင်မှုဝေဒနာများကို အလုံးစုံခံစားနေရသည်။ ယင်းအချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စိုးရိမ်စိတ်များ ပိုမိုမြင့်မား လာရခြင်းမဖြစ်အောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်သည် များကို ကူညီပံ့ပိုးဖြည့်ပေး လိုက်သဖြင့် အားတက်ဖွယ်ဖြစ် သည်။ အလှူငွေများအား ဗဟိုသို့ အပ်နှံခြင်း မပြုဘဲရခိုင်ပြည်နယ်၌သာ သုံးစွဲခွင့်ပြုခြင်း၊ စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရန် အာမခံ ခြင်း၊ ဘဏ္ဍာငွေများပံ့ပိုးပေးခြင်း စသည်တို့ကို ဖြည့်ဆည်းပေးခဲ့သည်။

ယခုအခါ စေတနာရှင်အဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းကူညီ ပါဝင်ဆောင်ရွက်မှု၊ ထောက်ပံ့ကူညီပြုစုစောင့်ရှောက်ပေးမှုများ အဆက် မပြတ် ရောက်ရှိဆောင်ရွက်ပေးနေကြပြီ။ ဆက်လက်၍ ပြည်သူများ၏ ဝိုင်းဝန်းကူညီမှုများ အဆက်မပြတ်ရောက်ရှိမည်ဟု ယုံကြည်ပါသည်။ ယင်းသည် ပြည်တွင်းအင်အားဖြစ်သည်။ ညီညွတ်ခြင်းသည် အင်အားဖြစ် သည်။ ညီညွတ်ခြင်းဖြင့် စိန်ခေါ်မှုမှန်သမျှကို ကျော်လွှားသွား နိုင်မည်ဖြစ် သည်။ ရခိုင်ပြည်နယ်မှ တိုင်းရင်းသားပြည်သူများ ကလည်း တိုင်းရင်းသား အချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းကူညီဆောင်ရွက် ပေးနေမှုများအပေါ် နားလည်သိမြင်ပြီး ပူးပေါင်းလက်တွဲပါဝင်ဆောင်ရွက် ကြဖို့ လိုမည်ဖြစ်သည်။

သို့ဖြစ်ရာ အရေးကြီးလျှင် သွေးစည်းလိုသည့်စိတ်ဓာတ်၊ ဝိုင်းဝန်း ကူညီလိုသည့်စိတ်ဓာတ်များ ရှိသည့်အတွက် အရာရာတွင် ပြည့်စုံလုံလောက် အောင် ပံ့ပိုးကူညီပေးနိုင်မည်ဟုယုံကြည်သည်။ ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကင်းဝေးရေး အတွက် ယခုအချိန်တွင် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲညီညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး နိုင်ခြင်းသည် ပြည်ထောင်စုကြီး အမှန်တကယ် စည်းလုံး ညီညွတ်ရေးအတွက် အခွင့်အလမ်း တစ်ရပ်ဖြစ်သည်ဟုရှုမြင်ကြရမည်။ ။